Posted by : လက်တွဲဖော် Friday, January 20, 2012

ချစ်သူကို အရှိတရားအတိုင်း လက်ခံဖို့ ကြိုးစားပါ

I but know that I Love thee whatever thou art. Coe, rest in this bosom,

Thomas Moore

မင်းဘယ်လိုပဲဖြစ်နေဖြစ်နေ၊

မင်းကို ငါချစ်တယ်ဆိုတာ သိနေတယ်

ဒီရင်ခွင်မှာ နားခိုလှည့်ပါ

သောမတ်မိုး

ကမ္ဘာပေါ်မှာ လူသားမျိုးဆက်တွေ ခုထက်ထိ တည်တံ့နေတာက ဘာကြောင့်လဲ . အလှပဆုံးသော ကဗျာတွေ ရေးဖွဲ့နိုင်ခဲ့ကြတာ ဘာကြောင့်လဲ. အပြောင်မြောက်ဆုံးသော သီချင်းတွေ ရေးစပ်နိုင်ခဲ့ကြတာ ဘာကြောင့်လဲ. အဖြေကတော့ မပြောင်းမလဲ ဆက်လက်တည်မြဲနေမယ့် “ချစ်ခြင်းမေတ္တာ”ကြောင့်ပါပဲ။

“ချစ်ခြင်းမေတ္တာမှလွဲ၍ အဘယ်အရာမျှ ကြေးမတင်စေနှင့်”လို့ သစ္စာကျမ်းစာမှာ ဖော်ပြထားပါတယ်။ သစ္စာကျမ်းစာမှ မဟုတ်ပါဘူး။ ဘာသာတရားတိုင်းက“ချစ်ခြင်းမေတ္တာ” ကို အလေးထားဖို့ သွန်သင်ဆုံးမ ထားကြပါတယ်။ ချစ်ခြင်းမေတ္တာဟာ လောကမှာရှိတဲ့ အရာတွေကို ဖန်တီးမှုရှိရှိ ထောက်ပံ့ပါတယ်။ ဘယ်သောအခါမှ ဖျက်လိုဖျက်စီး မပြုလုပ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ချစ်ခြင်းဟာ အရာရာကို လွှမ်းခြုံထွေးပိုက်ပြီး အရာရာကိုခွင့်လွှတ်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။

ဘာသာတရားတိုင်းက တစ်လင်တစ်မယားစနစ်ကို အားပေးကြသလို လက်မထပ်ဘဲ အတူနေခြင်း (Living Together) ကိုဆန့်ကျင်ကြပါတယ်။ ဒါဟာချစ်ခြင်းကို အလေးအနက်ထားကြောင်း ပြညွှန်နေတာပါ။ လူသားတွေ အတွက် အဖိုးအထိုက်တန်ဆုံး၊ တန်ဖိုးအရှိဆုံးသော အရာက အချစ်ပါ။ စည်းစိမ်ဥစ္စာ၊ ရာထူး၊ကျော်ကြားမှု ဆိုတာတွေက ရေပွက်ပမာမျှသာပါပဲ။

နှလုံးသားထဲမှာ အချစ်ဆိုတဲံ့ခံစားချက် ဖြစ်တည်လာတာနဲ့ တစ်ပြိုင်နက် စိတ်တွေပြောင်းလဲလာပါတယ်။ မလှချင်တဲ့ မိန်းကလေးတွေက အလှအပ မက်လာကြတယ်။ မရှက်တတ်တဲ့သူက ရှက်တတ်လာတယ်။ သပ်သပ်ရပ်ရပ် မနေတတ်တဲ့ ယောကျာ်းလေးတွေ သပ်သပ်ရပ်ရပ် နေတတ်လာတယ်။ ကိုယ်ချစ်နေရတဲ့သူက ကိုယ့်ကိုအထင်သေးသွားမှာကို ကြောက်တတ်လာတယ်။

စစ်မှန်တဲ့ ချစ်ခြင်းမှာ နေရာဒေသ၊ အချိန်ကာလ၊ အသက်အရွယ်ဆိုတဲ့ ခွဲခြားထားမှုမရှိပါဘူး။ အသက်ငယ်ရွယ်သူနဲ့ အသက်အရွယ်ကြီးသူ တစ်ယောက် ချစ်သူဖြစ်နိုင်ကြသလို တောင်ပေါ်က လူတစ်ယောက်နဲ့ မြေပြန့်က လူတစ်ယောက်လည်း ချစ်သူဖြစ်နိုင်တာပါပဲ။ ဆင်းရဲသူတစ်ယောက်နဲ့ ချမ်းသာသူတစ်ယောက် ချစ်သူဖြစ်နိုင်သလို အရုပ်ဆိုးတဲ့သူနဲ့ လှပသူတို့လည်း ချစ်သူဖြစ်နိုင်တာပါပဲ။

မတူဘူး၊ မတန်ဘူးဆိုတဲ့ ပြောဆိုချက်တွေဟာ တခြားသူတွေရဲ့ ထင်မြင်ယူဆချက် (Opinion)သာ ဖြစ်ပြီး Reality (အစစ်အမှန်တရား) မဟုတ်ပါဘူး။ သင်ဟာလူတစ်ယောက်ကို ချစ်မိပြီဆိုရင်သူ့ရဲ့ အရှိတရားကို လက်ခံဖို့ ကြိုးစားတာ အကောင်းဆုံးပါပဲ။ သင်ချစ်မိသူ တစ်ယောက်ဟာ အသားဖြူတဲ့ သူတစ်ယောက်ဖြစ်သလို အသားညိုတဲ့သူတစ်ယောက်လည်း ဖြစ်နိုင်ပါတယ်။ အသားဖြူခဲ့ရင်လည်း “ငါ့ရည်းစားက အသားလေးက ဖြူဝင်းလို့ ချစ်စရာလေး”လို့ တွေးရမှာ ဖြစ်သလို အသားညိုခဲ့ရင်လည်း“ ငါ့ချစ်သူက ညိုချောလေးနဲ့ ယဉ်စစလေး” လို့တွေးရမှာ ဖြစ်ပါတယ်။

လက်ချောင်းတွေတောင်အတို၊ အရှည် မတူညီနိုင်တာမို့ တစ်ယောက်ရဲ့စိတ်နဲ့ နောက်တစ်ယောက်ရဲ့ စိတ်ထပ်တူမကျနိုင်တာကို နားလည်လက်ခံရပါမယ်။ ကိုယ်ဖြစ်စေချင်တာကို ကိုယ့်ချစ်သူကို ဇွတ်တွန်းအားပေးလို့ မရနိုင်ပါဘူး။ တချို့ကျတော့လည်း ချစ်တော့ချစ်ပါရဲ့။ တစ်ယောက်ယောက်က သွေးခွဲစကားပြောလာရင် နားယောင်တတ်ပါတယ်။ ဘယ်နေရာမှာမဆို အကောင်းနဲ့အဆိုးက ယှဉ်တွဲရှိနေတတ်စမြဲပါပဲ။ ကိုယ့်ချစ်သူက ရုပ်ရည်တော့ချောတယ်။ အကျင့်စာရိတ္တလည်း ကောင်းမွန်တယ်ဆိုရင် ငွေကြေးမချမ်းသာတာကို အပြစ်လို့ မမြင်သင့်တော့ဘူးလေ။

နီးနေတဲ့ချစ်သူတွေကို ဝေးသွားစေတဲ့ အပြုအမူတွေကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။ “ရှင်က ဖျင်းလိုက်တာလွန်ရော တခြားသူတွေနဲ့ ဘယ်လိုမှယှဉ်လို့မရဘူး”သူများတွေကတော့ ပိုက်ဆံရှာတတ်လိုက်တာ. .. မောင်ကတော့ အလကားပဲ . .. ဒီအတိုင်းဆိုရင် ကျောက်ပျဉ်ရွက်ပြီး စောင့်ရမယ်ထင်ပါရဲ့ “မင်းဝတ်တာ စားတာကလည်း ပုံတုံးကြီးပါကွာ . .တခြားကောင်မလေးတွေဆို လန်းလိုက်တာမှ မပြောပါနဲ့တော့ စတဲ့စကားတွေက တစ်ဖက်သားရင်ကို ထိခိုက်နာကျင်စေတဲ့ စကားတွေပါ။

တကယ်လို့ ကိုယ့်ချစ်သူက ပျင်းတယ်၊ ဖျင်းတယ်ပဲ ဆိုပါတော့။ အဲဒီအကျင့်တွေဟာ မကောင်းတဲ့အကြောင်း၊ ကြိုးစားရင် အရာရာဖြစ်နိုင်တဲ့အကြောင်း အချိန်ယူုပြီး ရှင်းပြရမှာပါ။ ပိုက်ဆံက လူ့ဘ၀ရပ်တည်ဖို့အတွက် အရေးကြီးတာ မှန်ပါတယ်။ ဒါပေမယ့် ငွေကြေးက အရာရာကို ဖဖန်တီးနိုင်ပါဘူး။ ကိုယ့်ချစ်သူကို ပိုက်ဆံကောင်းကောင်း မရှာတတ်လို့ အပြစ်တင်မယ့် အစား ဘ၀တစ်ခုတည်ဆောက်ရာမှာ ငွေကြေးပြည့်စုံဖို့ အရေးကြီးတဲ့အကြောင်း။ တခြားသူတွေကို အားမကိုးသင့်တဲ့ အကြောင်း နားဝင်အောင် ပြောပြရမှာပါ။

ကျွန်မသူငယ်ချင်း ယောက်ျားလေးတစ်ယောက်ရဲ့ ချစ်ပုံပြင်ကိုလည်း အလျဉ်းသင့်လို့ ပြောပြချင်ပါတယ်။ သူက ရန်ကုန်က မဟုတ်ဘူး။ နယ်ကပါ။ လူပျိုဘ၀မှာ တစ်ယောက်တည်း အပူအပင်မရှိ၊ ရည်းစားမရှိနဲ့ နေခဲ့တာပေါ့။ ဒီလိုနဲ့သူ့လိုပဲ နယ်ကနေ တစ်ယောက်တည်း အလုပ်လာလုပ်တဲ့ ကောင်မလေးတစ်ယောက်ကို ချစ်မိသွားပါတယ်။ နှစ်ယောက်စလုံးက ဘ၀သမားတွေချည်းပါပဲ။ ချစ်သူတွေဖြစ်သွားကြပြီး နောက်ပိုင်းမှာ တစ်ယောက်ကို တစ်ယောက်နားလည်မှု အပြည့်အ၀ရှိကြပါတယ်။ တစ်ယောက်ရဲ့ အားနည်းချက်ကို တစ်ယောက်က အပြစ်တင်တာမျိုးလည်း မရှိပါဘူး။

ကောင်လေးက အလုပ်ကို ကြိုးစားလုပ်ပါတယ်။ ကောင်မလေးကလည်း အရင်ကထက်ပိုပြီး ကြိုးစားပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေ ခိုင်မြဲလာတာနဲ့အမျှ အချစ်တွေကလည်း ပိုခိုင်မာလာပါတယ်။ သူတို့နှစ်ယောက်ကို ကြည့်ရတာ ဘ၀အပေါ် အားမာန်အပြည့်နဲ့ ရင်ဆိုင်မယ်ဆိုတဲ့ ယုံကြည်မှုရှိနေတာ သိသာပါတယ်။ ကျွန်မ အမှတ်ပေးခဲ့သလိုပဲ သူတို့နှစ်ယောက် ပျော်ပျော်ရွှင်ရွှင် လက်တွဲသွားနိုင်ကြပါတယ်။“မင်းဘယ်လိုပဲဖြစ်နေဖြစ်နေ မင်းကိုငါချစ်တယ်ဆိုတာ သိနေတယ်။ ဒီရင်ခွင်မှာနားခိုလှည့်ပါ”လို့ သောမတ်မိုးက ပြောခဲ့သလိုပဲ ချစ်သူက ဘာပဲဖြစ်နေဖြစ်နေ သူ့ကိုလက်ခံဖို့ပဲ ကြိုးစားပါလို့ တိုက်တွန်းပါရစေလား။

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -