Posted by : လက်တွဲဖော် Friday, January 20, 2012

အချစ်ကို သိချင်လျှင် အချိန်ကိုစောင့်ပါ…. မြတ်ပုလဲဖြူ ဟိုးရှေးရှေးတုန်းက ကျွန်းကလေးတစ်ကျွန်းရှိတယ်……။ အဲဒီကျွန်းကလေးကို “ခံစားချက်ကျွန်း´´ လို့ခေါ်တယ်…..။ ဒီ“ခံစားချက်ကျွန်း´´ကလေးမှာ ခံစားချက်ရှိသူတွေသာနေကြတယ်….။ အချစ်တို့၊ အမုန်းတို့၊ အလွမ်းတို့၊ အပျော်တို့…….ခံစားချက်ရှိသူတွေပေါ့….။ တစ်နေ့တော့ အဲဒီကျွန်းကလေးကို ရေလွှမ်းပြီးမြုပ်မယ်ဆိုတဲ့ သတင်းထွက်လာတယ်….။ ကျွန်းပေါ်မှာနေသူတွေအားလုံးလည်း ပြောင်းပြေးကြတာပေါ့….။ ဒါပေမဲ့ “အချစ်´´ဆိုတဲ့ ကောင်မလေးကတော့ မပြေးဘူး…။ သူက သစ္စာသမားလေ…။ ကျွန်းကို ရေမြုပ်မယ်ဆိုတဲ့သတင်းကို သူမယုံဘူး…။ တကယ်ရေမြုပ်မှပဲ ပြေးမယ်ဆိုပြီး သူကစောင့်ကြည့်နေတယ်…။ ညတဖြည်းဖြည်းနက်လာတာနဲ့ ရေကလည်းတကယ်တက်လာတယ်….။ ဒီတော့မှ “အချစ်´´ကပြေးမယ်ဆိုပြီး ကမ်းစပ်ကိုပြေးလာတယ်….။ အဲဒီအချိန်မှာ သူ့ရဲ့လှေက လည်း လှိုင်းပုတ်တဲ့ထဲပါသွားလို့ မရှိတော့ဘူး….။ ဒါနဲ့ သူစိတ်ညစ်နေတာပေါ့….။ အဲဒီအချိန်မှာပဲ မိုးပျံပူဖောင်းကြီးတစ်လုံးကိုတွေ့လိုက်ရတယ်….။ အဲဒီပူဖောင်းကြီးစီးလာတာက သူ့သူငယ်ချင်း “ချမ်းသာ´´။ “အချစ်´´လည်း “ချမ်းသာ´´ကို အကူအညီတောင်းမယ်ဆိုပြီး အောက်ကနေလှမ်းအော်နေတာပေါ့….။ တဖြည်းဖြည်းနဲ့ မိုးပျံပူဖောင်းကြီးလည်း အောက်ကို ဆင်းလာတယ်…။ “အချစ်´´လည်း ၀မ်းသာအားရနဲ့ အကူအညီတောင်းတာပေါ့…။ “ချမ်းသာရယ်… ငါ့ကိုကယ်ပါ…။ ငါ့လှေလည်းမရှိတော့ဘူး…။ ငါပြေးလို့လည်း မရတော့ဘူး…။ ငါ့ကိုကူညီပါ´´ လို့ပြောတော့ “ချမ်းသာ´´က “စိတ်မကောင်းပါဘူးဟာ….။ ငါ့ရဲ့ဒီမိုးပျံပူဖောင်းထဲမှာ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားတွေထည့်လာလို့ နင့်ကိုကယ်လိုက်ရင် ငါ့ရဲ့ ရွှေတွေ၊ငွေတွေကို ချထားခဲ့ရမှာ…။ အဲဒါကြောင့် နင့်ကိုငါမကယ်နိုင်ဘူး…။ စိတ်မကောင်းပါဘူးဟာ…´´ ဆိုပြီး မိုးပေါ်ပျံတက်သွားတယ်…။ “အချစ်´´လည်း စိတ်ညစ်သွားတာပေါ့…။ အဲဒါနဲ့ ဟိုပြေးဒီပြေးလုပ်နေတယ်…။ အဲဒီမှာ လှေကလေးတစ်စီးကို ထပ်တွေ့တယ်…။ အဲဒီလှေပေါ်ကသူက သူနဲ့ မတည့်အတူနေတဲ့ သူ့သူငယ်ချင်း “အလွမ်း´´ပဲ…။ ဒါနဲ့သူလည်း “အလွမ်း´´ကို အကူအညီတောင်းတယ်…။ “အလွမ်းရယ် ငါ့ကိုကူညီပါ….။ နင်မှမကယ်ရင် ငါသေရတော့မယ်… ငါ့ကိုကယ်ပါဟာ…´´ ဆိုတော့ “အလွမ်း´´က “အချစ်နဲ့ အလွမ်းဆိုတာက အမြဲတမ်းကျောချင်းကပ်သာနေတာ ဘယ်တော့မှ အစေးကပ်တာမှမဟုတ်တာ….။ အဲဒါကြောင့် နင့်ကိုငါကယ်လို့ဘယ်ဖြစ်မှာလဲ…။ Sorry ပါဟာ…´´ဆိုပြီး လှေလေးလှော်ပြီး ထွက်သွားပြန်တယ်…။ “အချစ်´´လည်း တော်တော်စိတ်ညစ်တာပေါ့….။ ငါသေရတော့မယ်ဆိုပြီး ၀မ်းနည်းနေတယ်…။ အဲဒီမှာပဲ “အပျော်´´ကို သူတွေ့လိုက်တယ်…။ အချစ်ကလည်း အော်တယ်…။ “အပျော်ရေ… အပျော်… ငါ့ကိုကယ်ပါ…။´´ သူဘယ်လောက်ပဲ အော်အော် “အပျော်´´က မကြားရှာဘူး..။ သူ့ဟာသူ တစ်ယောက်တည်း သီချင်းတွေဆိုပြီး ပျော်ပြီးလှေကလေးကို လှော်သွားတယ်….။ “လှေကလေးကိုလှော်မည်…ဘေးမသန်းပဲ အေးချမ်းတော့မည်….´´ “အချစ်´´လည်း စိတ်ပျက်လက်ပျက်နဲ့ ကမ်းစပ်ကလေးမှာ ထိုင်နေတယ်…။ သေရတော့မယ်ဆိုပြီး ငိုလည်းငိုတာပေါ့…။ ရေကလည်း တက်သထက်တက်လာတယ်…။ အဲဒီအချိန်မှာပဲ လှေကလေးတစ်စီး သူ့အရှေ့မှာ လာရပ်တယ်…။ သူကြည့်လိုက်တော့ တရုတ်အဖိုးကြီး တစ်ယောက်ကိုတွေ့လိုက်တယ်…။ အဖိုးကြီးက “အချစ်ဆိုတဲ့ သူငယ်မ၊ လှေပေါ်တက်ပါ…´´ ဆိုပြီးခေါ်တယ်..။ အချစ်လည်း ၀မ်းသာအားရနဲ့ လှေပေါ်တက်သွားတာပေါ့…။ ကျေးဇူးတင်လွန်းလို့ အဖိုးကြီးကိုထိုင်ကန်တော့လိုက်တယ်…။ ပြီးတော့ တစ်နေကုန်ပြေးလွှာနေရတော့ ပင်ပန်းပြီးအိပ်ပျော်သွားတယ်…။ ဒါနဲ့ ကျွန်းလေး တစ်ကျွန်းကိုရောက်တော့ အဖိုးကြီးက “သမီး ထထ။ ရောက်ပြီ..´´ “အချစ်´´လည်း လှေပေါ်ကဆင်းလိုက်တယ်…။ လှေကလေးဟာ ကမ်းစပ်ကနေ ပြန်ထွက်သွားတယ်…။ အချစ်လည်း လှေကလေး ခပ်ဝေးဝေးကိုရောက်မှ သူ့ကိုကယ်ခဲ့တဲ့ အဖိုးကြီးနာမည်ကို မေးဖို့သတိရတယ်…။ သူ့ကျေးဇူးရှင်နာမည်တောင် မမေးလိုက်ရဘူးဆိုပြီး စိတ်မ ကောင်းစွာနဲ့ ကမ်းပေါ်ကိုလျှောက်လာတယ်…။ အဲဒီမှာပဲ အဖိုးကြီးတစ်ယောက်ကို ထပ်တွေ့တယ်…။ ဒီအဖိုးကြီးကို မြင်ဖူးပါတယ်ဆိုပြီး သူကြည့်နေတယ်…။ သေသေချာချာကြည့်မှ သူတို့ခံစားချက်ကျွန်းမှာ အတူတူနေခဲ့တဲ့ “အသိ´´ဆိုတဲ့ လူကြီးဖြစ်နေတယ်…။ “အချစ်´´လည်း ဒီ“အသိ´´ဆိုတဲ့အဖိုးဟာ အားလုံးကိုသိတယ်…။ သူမသိတာမရှိဘူး…။ အဲဒီတော့ ငါ့ကိုကယ်ခဲ့တဲ့အဖိုးကြီးကိုလည်း သိမှာပဲဆိုပြီး သွားမေးတယ်…။ “အဘ.. ခုနက ကျွန်မကိုကယ်ခဲ့တဲ့ အဖိုးကိုသိလား´´ဆိုတော့ “သိတာပေါ့….။ သူ့နာမည်က အချိန်တဲ့…´´ “ဘယ်သူမှ မကယ်ချင်တဲ့ကျွန်မကို သူကဘာလို့ ကျွန်မကို ကယ်တာလဲ…။´´ဆိုတော့ “အသိ´´ဆိုတဲ့ အဖိုးကြီးက ပြန်ပြောတယ်….။ “သမီး မှတ်ထား….။ ဒီဘဒ္ဒကမ္ဘာလောကကြီးမှာ အချစ်ရဲ့တန်ဖိုးကို နားလည်တဲ့သူဆိုလို့ “အချိန်´´တစ်ခုပဲ ရှိတယ်´´တဲ့……။ ဒါ့ကြောင့် အချစ်ရဲ့တန်ဖိုးကို သိချင်လျှင်အချိန်ကို စောင့်လိုက်ပါ…..။ ………. ………. ………. (ဆရာ အတ္တကျော်၏ “တရုတ်အဖိုးကြီးတစ်ယောက်အကြောင်း´´ ဆိုတဲ့ ဆောင်းပါးလေးကို ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။)

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -