Archive for 03/26/12

မနေ့ကထက် ဒီနေ့ပိုချစ်မဲ့နည်း အချစ်ကြောင့်စိတ်ညစ်နေလား ...............အချစ်ဆိုတာဘာလဲ? ဘယ်လို နားလည်မှုတွေထပ်ပေးရဦးမလဲ?ပြဿနာတွေဆိုတာ အမြဲကိုယ့်ဆီဘဲရောက်လာနေတယ် လို့ထင်သလား? ဒီချစ်မိခဲ့တဲ့ရင်ခုန်သံလေးတွေကြောင့်ခေါင်းစားနေရတယ်ဆိုပါတော့ ..... မိန်းကလေးတစ်ယောက်နဲ့ယောက်ျားလေးတစ်ယောက်ချစ်တဲ့အချစ်ကို နင်းဆီဖူးလေးနဲ့ တင်စားချင်ပါတယ်... အဖူးအငုံဘ၀စချစ်ခါစမှာ လှပနေတယ် ဒီလိုဘဲ ပွင့်အာလာတဲ့ အချိန် အချစ်နဲ့ခိုင်မြဲပြီး အနံ့အဆင်းနဲ့ပြည့်စုံ ပိုလှလာရမယ်။ နင်းဆီရဲ့ရနံ့ဟာဘေးပတ်ဝန်းကျင်ကိုပါ သင်းပျံ့ထုံမွှမ်းစေသလို သူငယ်ချင်းတို့ရဲကောင်းခြင်းဆိုးခြင်းတွေဟာ ဘေးပတ်ဝန်းကျင်မှာ ထင်ဟပ်လာပါတယ်။ မပြေလည်တာတွေများလာရင် နှစ်ဦးနှစ်ဖက်အတွက်လည်း မကောင်းဘူး ဘေးပတ်ဝန်းကျင်ရဲ့အထင်အမြင်သေးမှုကိုပါ ခံစားရပါမယ်.......ဒီတောအောက်ပါနည်းလမ်းများနဲ့ သူငယ်ချင်းတို့မပျော်ရွှင်တဲ့နေရာမှာ ပျော်ရွှင်မှုလေးတွေ ခံစားနိုင်စေဖို့ လက်ရှိပြည့်စုံနေတဲ့ချစ်သူတွေကတော့ ပိုပီးတော့ ချစ်သက်ရှည်နိုင်ဖို့ လရိပ်ကတင်ဆက်ဖော်ပြပေးလိုက်ပါတယ်....... ၁။အပေးအယူမျှ.....ဂရုစိုက်တတ်မှ တင်းကျပ်စွာချည်နှောင်ထားတဲ့ ချစ်နည်းထက် လွတ်လွတ်လပ်လပ်နဲ့နားလည်မှုပေးကြည့်ပါ။ နှစ်ဦးကြားမှာ မှားနေတယ်ထင်ထာတွေကို အရင်စသိတဲ့သူကစပြင်ပါ။ သူ့ဘ၀မှာ အရေးပါတဲ့လူတယောက်အနေနဲ့ ရပ်တည်ပေးပါ၊ တစ်ခါတစ်ရံဖြစ်တတ်တဲ့ အဝေးကဘဲချစ်နေမယ်ဆိုတဲ့စိတ်ကို ဖျောက်ပီး ချစ်သစ်ပင်လေးတွေ အတွက် နေ့စဉ်ယုယကြင်နာစွာနဲ့ရေလောင်းပေါင်းသင်ပေးပါ။အမြဲတစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်း ဆွေးနွေးကြပါ။ အချိန်တွေမအားလပ်ရင်တောင် တစ်ပတ်တစ်ခါစကားလက်ဆုံကျဆွေးနွေးပါ။ အံ့သြမှင်သက် မှုတွေ ဖန်တီးပြပါ။ နွေးထွေးတဲ့လက်တစ်စုံနဲ့အတူ ကမ္ဘာပတ်သလို လမ်းလျှောက်ထွက်ပေးပါ။ ဝေးကွာနေတဲ့ချစ်သူတွေကတော့ ညအချိန်မှာ စကားပြောရင်း SMS ပို့ရင်းကုန်ဆုံးကြည့်ပါ။""ဘယ်တော့မှ အလုပ်ကိစ္စတွေနဲ့ အချစ်ကိုအရောင်ပြယ်အောင်မလုပ်ပါနဲ့။""ချစ်သူအတွက်အချိန်ဆိုတာ ပေးကိုပေးသင့်တဲ့ လုပ်ရပ်တစ်ခုပါ။ ၂၊ရန်ဖြစ်စေမဲ့စကား.....အမြန်ေ ရှာင်ရှား "အလျောက်ကောင်းမှအထောင်းသက်သာ"ဆိုတဲ့စကားလေးကြားဖူးမှာပါ။ဒီလိုဘဲ အချစ်မှာလဲ ပြဿနာဖြစ်မဲ့ အနေမထားမရောက်အောင်ခင်ကတည်းက စကားလမ်းကြောင်းလွှဲတတ်ရပါမယ်။ ပြဿနာတစ်ခုကို ကိုယ်တိုင်အဖြေမထုတ်ရသေးဘဲ သွားမစပါနဲ့။ပိုဆိုးသွားပါလိမ့်မယ်။ပြဿနာတစ်ခုဖြစ်တော့မယ်ဆိုရင် စကား မကျွံမိပါစေနဲ့။အစပထမကတည်းက ကိုယ့်ဆန္ဒနဲ့ထင်မြင်ချက်ကို နားဝင်အောင်ကြိုတင်ရှင်းပြထားပါ။အရှိန်မတက်ခင် ကြိုတားဆီးထားတဲ့သဘောပါဘဲ။ ဆိုးဝါးမဲ့အခြေအနေရောက်လာရင်တော့ စကားစဖြတ်လို့ ရအောင်ဖြတ်ပါ။ပြောချိန်မတန်ဘဲနဲ့ သွားမစပါနဲ့။ နောက်ဆုံးစကားလမ်းကြောင်းလွှဲပါ။ နားလည်မှုပေးနိုင်အောင် အတတ်နိုင်ဆုံးကြိုးစားဖို့ ပြောချင်ပါတယ်။မုန်းဖို့ ချစ်ခဲ့ကြတာမှမဟုတ်တာနော်။ ၃။မေ့သင့်တာတွေမေ့လိုက်ပါ အတိတ်ဆိုတာ လက်ရှိဘ၀ထဲ ဆွဲခေါ်မလာပါနဲ့။ လက်ရှိမှာအကောင်းဆုံးဖြစ်အောင်ကြိုးစားချစ်ပြပါ။ အနာဂတ်အတွက်အချစ်အိမ်လေးကြိုဆောက်ကြတာပေါ့။ဒါကြောင့် အတိတ်က အမှားတွေကိုမေ့ပစ်ပါ။ ဘာကြောင့်မေ့မပြစ်နိုင်ရမှာလဲ။ရအောင်မေ့ထားကြည့်ပါ။ခုချိန်ထိမမေ့နိုင်သေးဘူးဆိုရင်တော့ သူငယ်ချင်းရဲ့ အချစ်က စစ်ရောစစ်ရဲ့လားလို့မေးချင်ပါရဲ့နော်။လက်ရှိမှာ ကိုယ့်အတွက်အကောင်းဆုံးလူတစ်ယောက်ဆိုတာ လူသားအားလုံးလိုအပ်နေတဲ့ ဆုတစ်ခုပါ။ ဒီဆုကြီးသူငယ်ချင်းဆီရောက်နေတာတောင် ဘာကြောင့် အမှားတွေတူးဖော်ပီး ပုတ်ချနေဦးမလဲနော်။ကိုယ့်ချစ်သူအပေါ်ကို အတတ်နိုင်ဆုံးရိုးသားပေးပါ။(ဥပမာ။ ငါဒီနေ့ ဘယ်သွားမယ် ဘာလုပ်စရာလေးတော့ရှိတယ်ပေါ့နော် ဒါတွေက တကယ်အရေးမကြီးပေမဲ့ ကိုယ့်ချစ်သူက အော် သူငါ့ကိုဂရုစိုက်ရှာသားဘဲ သူဘာလုပ်မယ်ဆိုတာ အသိပေးတယ်ပေါ့နော် ကျေနပ်သွားတတ်ကြတယ်။) သူအမှားလုပ်ခဲ့တာရှိရင်လဲ ထပ်မံအပြစ်တင်ဝေဖန်နေတာမလုပ်ဘဲ မသိချင်ယောင်သာဆောင်ထားပေးပါ။ (ကိုယ်တစ်ယောက်တည်းသိ ကိုယ့်ရင်ထဲမှာသိမ်းထားလိုက်တာပေါ့နော်တကယ်ချစ်တဲ့သူက ကိုယ့်ချစ်သူကို စိတ်မဆင်းရဲစေချင်ဘူးလေ လုံးဝကိုမပြောဘူးပေါ့နော်။)ချစ်လို့စရင်တောင် အတိတ်ကအမှားတွေကို ဖယ်ထားပေးပါ။ ဒါဆိုရင် သာယာပျော်ရွှင်တဲ့ဘ၀လေးကို ကျေနပ်ပီတိဖြစ်စွာနဲ့ ရရှိလာမှာပါ။ ပြဿနာတစ်စုံတစ်ခုဖြစ်လာရင်လည်း အတိတ်ကိုနှိုးဆွမနေဘဲ လက်ရှိခံစားချက်ကို ချစ်သူရဲ့ အနက်ရှုံးဆိုင်းနှလုံးသားထိရောက်အောင် ဖွင့်ချလိုက်ပါ။ အမြဲဖြေရှင်းချက်တွေပေးမနေနဲ့လို့ ပြောမဲ့အစား သူ့ကိုဖြေရှင်းခွင့်ပေးကြည့်ပါ။တစ်ယောက်နဲ့တစ်ယောက်လေးစားမှုရှိပါ (ဥပမာ။အသက်အရွယ် ကွာဟတဲ့ ချစ်သူများ၊ သက်သူရွယ်တူချစ်သူများ အနိုင်ကျင့်တာတို့ မလေးမစားတို့ မလုပ်မိကြပါစေနဲ့) ချစ်သူတွေကြားမှာ မာနတွေ အတ္တတွေကို ဘေးဖယ်ထားကြပါ။အတိတ်ကအပြစ်တွေပြန်ပြောနေမဲ့အစား လက်ရှိဘယ်လောက်တန်ဖိုးထားချစ်နေတဲ့အကြောင်းကိုပြောပြပါ။ ၄။ကူညီဖြည့်ဆည်းမှုတွေနဲ့ ချစ်သက်တမ်းလေးရှည်ပါစေ။ ချစ်သူရဲ့လိုအပ်မှုတွေကို ငြီးတွားစိတ်ပျက်နေမဲ့အစား ကူညီဖြည့်ဆည်းပေးပါ။အားငယ်စိုး ရွံ့မှုတွေနောက်မှာ ယုံကြည်အားကိုးမှုတွေ ကပ်ပါလာပါလိမ့်မယ်။ချစ်သူရဲ့ရှေ့ မားမားရပ်ပီးကာကွယ်စောင့်ရှောက်ပေးပါ။ သင့်ချစ်သူရဲ့ယိုယွင်းနေတဲ့စိတ်ကို သင့်ရဲ့ဂရုစိုက်မှု၊စောင့်ရှောက်မှုတွေနဲ့ ဖေးမပေးပါ။ သင်လုပ် ပေးနိုင်တာထက် ပိုလုပ်မယ်လို့ စိတ်မှာမှတ်သားထားပါ။ ဘယ်လောက်ပင်ပန်းပါစေ ချစ်ခြင်းတွေ ပိုင်ဆိုင်ခွင့်ရထားတာကြောင့် ပျော်ကြောင်းပြောပါ။ အခြားသူတွေနဲ့မနှိုင်းဘဲ သင့်အချစ်အိမ်လေးအတွက် အမြဲ Hero ဖြစ်အောင်ကြိုးစားကြည့်ပါ။ စစ်မှန်တဲ့အချစ်တွေကြောင့် ခိုင်မြဲသာယာတဲ့ တုန့်ပြန်မှုတွေ မကြာခင်ရောက်လာပါလိမ့်မယ်။ ဘ၀ခရီးရှည်ကြီးကို အမောတွေဒေါသတွေနဲ့ဖြတ်ကျော်မဲ့အစား အကြင်နာရေစင်အေးတစ်ခွက်ကို မက်မပြေသောက်သုံးကြည့်ပါ။ ....... ......ကျွန်တော့်အကြောင်းတော့မမေးနဲ့နော်ဗျ.... မေးတဲ့သူရန်သူပဲ.. ချစ်သူတိုင်းကို ပျော်ဈေင် အဆင်ပြေစေချင်တဲ့စေတနာတွေနဲ့ပါ....။ ကိုယ်ချစ်တဲ့သူနဲ့ တစ်ဘ၀လုံး အေးချမ်းပျော်ရွှင်စွာနဲ့ နှစ်ပတ်လည်များစွာဖြတ်ကျော်နို င်ကြပါစေ...... ခန့်ချောလေး....။

မနေ့ကထက် ဒီနေ့ပိုချစ်မဲ့နည်း

Posted by : လက်တွဲဖော် 0 Comments
ဦးဇင်းကို ဘာသာခြားများက လာလာမေးကြပါတယ်။ ဦးဇင်းအနေနဲ့ တခြားဘာသာတွေအပေါ်မှာ ဘယ်လိုမြင်သလဲတဲ့။ ဒါနဲ့ ဦးဇင်းလည်း ကောင်းတာလုပ်ရင် ကောင်းတာပြန်ခံစားရမယ်။ မကောင်းတာလုပ်ရင် မကောင်းတာပြန်ခံစားရမယ်။ ဒါဟာ အဓိကမိန်းဖြစ်ပေတယ်။ ဒါကြောင့် မိမိကောင်းတာလုပ်ဖို့နဲ့ ကောင်းတဲ့စိတ်ထားရှိဖို့သာ အဓိကဖြစ်တယ်လို့ လိုရင်းနဲ့ ဖြေပေးလေ့ရှိပါတယ်။ ဒါနဲ့ ခုအခါမှတော့ အကျယ်တ၀င့် ဘာသာတိုင်းအတွက် အသုံးတည့်တဲ့အဖြေ ကို ဖြေပေးဖို့ရန် တောင်းဆိုသူတွေ များပြားလှတဲ့အတွက် အချိန်မရ၊ ပညာမတတ်၊ အသိပညာမကြွယ်ဝသော်လည်း တက်သိသမျှလေးကို ရသလောက်အချိန်လေးနဲ့ ဖြေဆိုပေးလိုက်ပါတယ်။ ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်၊ ဘယ်ဘာသာမဲ့မဆို လိုက်နာကျင့်သုံးရမဲ့ အချက်က (၁၀)ချက်ရှိတယ်၊ မိမိမမြင်နိုင်သေးတာကို မယုံကြည်ဘူးဆိုရင်လည်း မိမိတို့မှာ ထောက်တည်ရာ(၄)မျိုးရှိတယ်။ အဲဒါတွေကိုသိရှိပြီး လိုက်နာကျင့်သုံးကြည့်ရန် လိုပါတယ်။ မိမိလိုက်နာကျင့်သုံး လေ့လာစမ်းသပ် လုပ်ဆောင်ပြီးသကာလ အကျိုးရှိတာကို ကျင့်သုံးရမှာဖြစ်ပြီး အကျိုးမရှိတာကို ပယ်ရပါမယ်။ ဒီအချက်တွေကို မိမိတို့ကိုယ်တိုင် လိုက်နာလက်တွေ့ကျင့်သုံးကြည့်ရင် အကျိုးမယုတ်ဘဲ အကျိုးသာရှိပါလိမ့်မယ်။ လိုက်နာကျင့်သုံးရမဲ့ အချက်တွေကတော့ ဘယ်ရာမဆို ၁။ သူများပြောသံကြားတာနဲ့ အမှန်လို့ မယုံကြနဲ့။ (သူများတွေပြောတာ ဒီပုဂ္ဂိုလ်က တန်ခိုးရှိတယ်၊ ရောဂါပျောက်အောင်လုပ်ပေးတယ်၊ သူက ပိုက်ဆံတွေရအောင်၊ အလုပ်အဆင်ပြေအောင်လုပ်ပေးတယ်ဆိုတဲ့ အသံကြားရုံနဲ့ မယုံသေးဘဲ မိမိကိုယ်တိုင် လေ့လာပြီး မှန်ကန်ပါမှ ယုံပါတဲ့၊ ဘယ်သူကတော့ တို့ရဲ့ ကယ်တင်ရှင်ဖြစ်တယ်ဆိုတာကို ကိုယ်တိုင်ကယ်တင်ခံရမှ၊ ကိုယ့်မကောင်းတာဖြစ်နေတာကို ကောင်းအောင်လုပ်ပေးတဲ့အခါကျမှ သူ့ဟာ ကယ်တင်ရှင်ဆိုတာ မှန်ပါလားလို့ ယုံပါလို့ပြောတာ) ၂။ ဘိုးဘွားစဉ်လာ ဆရာစဉ်ဆက်ယုံကြည်ခဲ့တဲ့ အရာဆိုပြီးတော့လည်း မယုံကြနဲ့။ ၃။ သူများက ဒါလုပ်ရင် ဒီလိုဖြစ်ခဲ့ဖူးတယ်ဆိုပြီး အတိတ်က မှန်ခဲ့တယ်ဆိုပြီးလည်း မယုံကြနဲ့။ ၄။ ကျမ်းဂန်စာပေတွေမှာ ဒီလိုလာတယ်ဆိုပြီး စာပေနဲ့ကိုက်ညီရုံနဲ့ မယုံနဲ့။ ၅။ ကြံစည်တွေးတောယုံနဲ့လည်း မယုံနဲ့။ (အလုပ်တစ်ခုကို စိတ်ကူးယဉ်၊ ကြံစည်ရုံနဲ့မလုပ်ဘဲ ရှေ့နောက်စဉ်းစား လေ့လာကြည့်ပြီးမှ လုပ်ကိုင်ဆောင်ရွက်ပါ၊ မိမိတစ်ခုခုလောက် အဆင်ပြေအောင် တစ်စုံတစ်ယောက်ဆီမှာ စိတ်ထဲကနေ တွေးတောကြံစည်ဆုတောင်းမိလို့ အဆင်ပြေသွားတဲ့အခါ ဒီလူဟာ ငါရဲ့ကယ်တင်ရှင်ပဲဆိုပြီး မိမိစိတ်ကြံစည်လို့ တစ်ခါလောက် မှန်သွားရုံနဲ့ မယုံနဲ့လို့ ဆိုလိုတာပါ။) ၆။ သူများဟာကိုနည်းမှီယူပြီးတော့လည်း မယုံနဲ့။ (ကိုယ့်သူငယ်ချင်း၊ မိဘဆရာသမားတွေက တစ်ခုခုကို ယုံကြည်ရင် မိမိကပါ လိုက်မယုံသေးဘဲ ကိုယ်တိုင်လေ့လာသုံးသပ်ကြည့်ပြီးမှ သူများယုံကြည်တာကို ယုံသင့်မယုံသင့် ဆုံးဖြတ်ပါလို့ ပြောတာပါ။ သူများယုံတိုင်း မယုံဖို့။ သူများလုပ်တာ အကျိုးရှိသွားတာကိုမြင်ပြီး ငါလည်းအဲဒီအတိုင်းလုပ်ရင် အကျိုးရမှာပဲဆိုပြီး လိုက်လုပ်တိုင်းလည်း မဖြစ်တတ်တာမျိုး၊ သူများရေးထား၊ ပြောထား၊ ဟောထားပြီးသားကို နည်းမှီလုပ်ထားတာမျိုး၊ ဥပမာ-သူများက ဒီလိုပြောလို့ အဆင်ပြေပေမဲ့ မိမိက သူများပြောသလို လိုက်ပြောတိုင်းလည်း အဆင်ပြေချင်မှ ပြေတာမျိုးပါ။ အထင်ရှားဆုံးကတော့ ရည်စားစကားပြောတာမျိုးပေါ့။ သူများက ဒီစကားလုံးနဲ့ အဆင်ပြေပေမဲ့ ကိုယ့်ကျတော့ သူများပြောတဲ့စကားကိုနည်းမှီပြောပေမဲ့ အဆင်မပြေတာမျိုး။ ဒါပြင် သူများဘာသာက ဒီလိုဟောထားတာကို လူတွေက လက်ခံတာမို့ ဒို့ဘာသာလည်း ဒီလိုရေးရင် သူများလက်ခံမယ်ဆိုပြီး ရေးထားတာမျိုးစတာတွေကို ဆိုလိုတာပါ။ အဲဒီတော့ မိမိဘာသာ ဘယ်ရာမဆို ကိုယ်တိုင်လေ့လာစမ်းသပ်ပြီးမှ ယုံကြပါ။) ၇။ အပြင်သဏ္ဍာန် အခြင်းအရာကိုကြည့်ပြီး ယုံကြည်စရာကောင်းတယ်ဟု ကြံဆပြီးတော့လည်း မယုံနဲ့။ (တစ်စုံတစ်ယောက်ရဲ့သဏ္ဍာန်ကိုကြည့်ပြီး သူ့ပုံစံကြည့်ရတာ တန်ခိုးရှင်ဖြစ်မယ်၊ လူကောင်းဖြစ်မယ် စတာတွေကို မယုံဖို့နဲ့ အရာဝတ္ထုပစ္စည်းတွေကိုလည်း အပေါ်ယံတံဆိပ်လောက်ကြည့်ပြီး ဒါက အကောင်းဆုံးတံဆိပ်ပဲဆိုပြီး မယုံကြဖို့ပါ။) ၈။ ကိုယ်ထင်ထားသလို ယုံကြည်သလို ဖြစ်နေတယ်ဆိုပြီးလည်း မယုံနဲ့။ (ဥပမာ-သူများပြောတာ ဒီလူက လူကောင်းဆိုပြီး အသံတော့ကြားထားတယ်။ မိမိကိုယ်တိုင်တွေ့တော့လည်း သူက ကိုယ်ပေါ်ကောင်းနေတယ်။ အဲဒါမျိုးဆို လူတွေက အဲဒီလူကို လူကောင်းလို့ ယုံကြည်တတ်ကြတယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ ကိုယ့်ကို လိမ်သွားတတ်တယ်လေ။ အဲဒါကြောင့် အပေါ်ယံပေါင်းသင်းကြည့်ရုံ၊ မြင်ရုံနဲ့ မယုံသေးဘဲ ကိုယ်တိုင်အချိန်ပေး လေ့လာစမ်းသပ်ပြီးမှ လူဖြစ်စေ၊ ဘာသာတရားဖြစ် ယုံကြည်ကြဖို့ ပြောတာပါ။) ၉။ မှတ်ယူထိုက်၊ နည်းယူထိုက်တယ်ဆိုတဲ့ သဘောမျှဖြင့်လည်း မယုံနဲ့။ (ဒီစကား၊ စာသားလေးကတော့ အတုယူ၊ မှတ်သးထိုက်တယ်ဆိုပြီးလည်း မယုံနဲ့ဦး။ ကိုယ်တိုင် လက်တွေ့ကျင့်သုံးကြည့်လို့ မှန်ကန်မှုရှိမှ ယုံပါတဲ့။) ၁၀။ ငါတို့လေးစားရတဲ့ ရဟန်း၊ ဆရာ၊ မိဘ၊ ဆွေမျိုးတို့ စကားပဲဆိုပြီးလည်း မယုံနဲ့။ (ငါတို့ဆရာ၊ ကယ်တင်ရှင်၊ မိဘ၊ အကိုမောင်နှမ၊ သူငယ်ချင်းတွေ စကားပဲဆိုပြီး သူတို့ကို လေးစားလို့ဖြစ်စေ၊ အားနာလို့ဖြစ်စေ၊ ယုံကြည်မှုလွန်ကဲလို့ဖြစ်စေ၊ ချစ်ခင်လို့ဖြစ်စေ၊ ကြောက်ရွံ့မလွန်ဆန်နိုင်လို့ဖြစ်စေ သူတို့စကားများကို မယုံသေးဘဲ ကိုယ်တိုင်လုပ်ဆောင်ကျင့်ကြံကြည့်ပြီး မှန်ကန်မှုရှိမှသာ ယုံကြည်ပါတဲ့။) အထက်ပါ(၁၀)ချက်ကို မိမိတို့က သေချာနားလည်သဘောပေါက်ပြီးဆိုရင် ဘယ်လုပ်မဆို၊ ဘယ်ကိစ္စမဆို၊ ဘယ်ဘာသာရဲ့ အယူအဆ၊ အလုပ်အကိုင်၊ အတွေးအခေါ်၊ ကျင့်ကြံမှု၊ လိုက်နာစရာတွေကို အထက်ပါ(၁၀)ချက်အတိုင်း လက်လွပ်စပယ် မယုံကြည်ဘဲနဲ့ မိမိကိုယ်တိုင် တွေးတောကြံစည်ပြီး လက်တွေ့လုပ်ဆောင်ကြည့်ပါ။ အဲဒီလို လုပ်ဆောင်ကြည့်တဲ့အခါ မိမိလုပ်တဲ့အလုပ်ဟာ သူတစ်ပါးထိခိုက်သလား၊ မျက်မှောက်ဘ၀မှာရော ကောင်းကျိုးနဲ့ဆိုးဒဏ် ဘယ်ဟာက ပိုများသလဲ။ ပညာရှိလူကောင်းတွေကရော မိမိလုပ်ရပ်ကို ကြိုက်နှစ်သက်သဘောကြရဲ့လား၊ အားပေးကြရဲ့လား။ ငါလုပ်တာကို ကြိုက်တဲ့လူနဲ့မကြိုက်တဲ့လူ ဘယ်ဟာက ပိုများသလဲစတဲ့ အချက်အလက်များကို စဉ်းစားတွေးတောကြည့် အဖြေရှာပြီးမှသာ ဘယ်အရာဟာ ကောင်းတဲ့အလုပ်ဖြစ်တယ်။ ဘယ်ပုဂ္ဂိုလ်ရဲ့လုပ်ရပ်ဟာ မှန်တယ်။ ဘယ်ဘာသာဝင်တို့ရဲ့ ခေါင်းဆောင်ပြောပြမှု၊ လမ်းညွှန်ပေးမှုဟာ သဘာဝကျပြီး လက်တွေ့နဲ့ကိုက်ညီမှုရှိတယ်။ အများအတွက်ရော မိမိအတွက် အကျိုးများတယ်ဆိုတာတွေ ကို သိရှိနားလည်ပြီးမှသာ အမှားနဲ့အမှန်ကို ဆုံးဖြတ်ယုံကြည်လိုက်နာကျင့်သုံးပါ။ ဘယ်အလုပ်က ကောင်းတဲ့အလုပ်ဖြစ်တယ်၊ ဘယ်လိုလူက လူကောင်းဖြစ်တယ်ဆိုတာကို ဦးဇင်းရှင်းတာနဲ့မလောက်သေးဘူးဆိုရင်တော့ ကောင်းတဲ့လူနဲ့ကောင်းတဲ့အလုပ်ကို သိရှိအောင် ‘’လူဆိုသည်မှာ” သီချင်းလေးကို နားထောင်ကြည့်ရင်လည်း သိရှိလိမ့်မယ် ထင်ပါတယ်။ မိမိက ကောင်းတဲ့အလုပ်လုပ်နေမယ်ဆိုရင် အဲဒီအလုပ်ကြောင့် မျက်မှောက်ဘ၀မှာတော့ ကောင်းကျိုး ခံစားရမယ်ဆိုတာ ပြောစရာမလိုပါ။ ဒါပြင် နောက်ဘ၀တွေမှာ ဒီကောင်းတဲ့အလုပ်ကို လုပ်ရခြင်းကြောင့် ကောင်းတဲ့ရလာဒ် ခံစားရမလား၊ မခံစားရဘူးဆိုတာ မသေချာခဲ့ရင်လည်း မိမိအတွက် အရှုံးမရှိပါဘူး။ မိမိဟာ မျက်မှောက်ဘ၀မှာတော့ ကောင်းတဲ့အကျိုးကို ခံစားနေရတယ်လေ။ နောက် ဘ၀တွေနဲ့ ပတ်သတ်ပြီးလည်း ဒီလိုလေးစဉ်းစားကြည့်လိုက်ရင် ကောင်းတဲ့အလုပ် လုပ်တဲ့သူဟာ မိမိအတွက် အရှုံးမရှိဘူးဆိုတာ သိပါလိမ့်မယ်။ ကောင်းတဲ့အလုပ်ကို လုပ်တဲ့သူသည် ၁။ နောက်ဘ၀ရှိလို့ ကောင်းမှုမကောင်းမှုအကျိုးဆက်ကို ခံစားရရင်လည်း မိမိဟာ ကောင်းတာ လုပ်ခဲ့တဲ့အတွက် ကောင်းကျိုးကိုပဲ ခံစားရမှာမို့ စိုးရိမ်ပူပန်စရာ မလို။ ၂။ နောက်ဘ၀မရှိလို့ ကောင်းမှုမကောင်းမှုအကျိုးဆက်ကို မခံစားရရင်လည်း ကောင်းတဲ့အလုပ်ဆိုတာ မျက်မှောက်မှာတော့ စိတ်ချမ်းသာစွာနဲ့ နေရတဲ့အတွက် စိုးရိမ်ပူပန်စရာ မလို။ ၃။ နောက်ဘ၀မှာ မကောင်းမှုဒဏ်အကျိုးပေးရှိရင်လည်း မိမိဟာ မကောင်းတာမလုပ်ခဲ့အတွက် စိုးရိမ်ပူပန်စရာ မလို။ ၄။ နောက်ဘ၀မှာ မကောင်းမှုဒဏ်အကျိုးပေး မရှိရင်လည်း မိမိဟာ မကောင်းတာမလုပ်တဲ့အတွက် မျက်မှောက်မှာ စိတ်ချမ်းသာစွာနေရတာမို့ စိုးရိမ်ပူပန်စရာ မလို။ အထက်ပါ(၄)ပါးလုံးကို ခြုံငုံပြောရမယ်ဆိုရင် မိမိကသာ မကောင်းမှုကို မလုပ်ဖို့အဓိကပါပဲ။ နောက် ဘ၀မှာ ကောင်းမှုမကောင်းမှုတို့ရဲ့ အကျိုးပေးရှိခဲ့ရင်လည်း မိမိက ကောင်းတဲ့အလုပ်ပဲ လုပ်သူမို့ ကောင်းတာပဲခံစားရမှာဖြစ်ပြီး မကောင်းဒဏ်အတွက် စိုးရိမ်စရာမလို။ တကယ်လို့ နောက်ဘ၀ မရှိလို့ ကောင်းမှုမကောင်းမှုတို့ရဲ့ အကျိုးပေးမရှိခဲ့ရင်လည်း ကောင်းတဲ့အလုပ် လုပ်တဲ့သူဟာ မျက်မှောက်မှာ မိမိစိတ်ချမ်းသာစွာနဲ့နေရသလို အများလည်း စိတ်ချမ်းသာစွာနဲ့ နေရခြင်း အကျိုးများ ခံစားရပါတယ်။ အဲဒီတော့ ကောင်းတဲ့အလုပ်လုပ်တဲ့သူဟာ မျက်မှောက်မှာတော့ မိမိရော သူတစ်ပါးရော စိတ်ချမ်းသာစွာနဲ့ နေရမှာကတော့ အမှန်ပင်ဖြစ်ပါတယ်။ နောက်ဘ၀ရှိလို့ ကောင်းကျိုးဆိုးဒဏ်တွေ ခံစားရမယ်ဆိုရင်လည်း ကောင်းတာလုပ်တဲ့သူဟာ မျက်မှောက်အတွက်ရော၊ နောက်ဘ၀အတွက်ရော အမြတ်ရတဲ့သူပါ။ နောက်ဘ၀မရှိလို့ အကျိုးပေးတွေ မရှိဘူးဆိုရင်လည်း မိမိမျက်မှောက်ဘ၀ အတွက်အမြတ်ရတာမို့ အရှုံးတော့ မရှိဘူးဆိုတာ သိထားရပါမယ်။ ကိုယ်လုပ်တဲ့လုပ်ရပ်ဟာ ကိုယ့်အပေါ်မှာ ပြန်လည်အကျိုးသက်ရောက်မှုရှိတယ်ဆိုတာကို မျက်မှောက်မှာတော့ သာဓကများစွာရှိလို့ ထူးထွေပြောစရာလိုမယ်မထင်ပါဘူး။ ဥပမာ-မိမိက သူတစ်ပါးကို နာကျင်အောင်လုပ်လိုက်ရင် သူတစ်ပါးက မိမိကို ပြန်လည်နာကျင်အောင် လုပ်ချင်ပါလိမ့်မယ်။ မိမိက သူတစ်ပါးကို တစ်စုံတစ်ခုကူညီပေးမယ်ဆိုရင် အဲဒီလူဟာ မိမိကို အပြုံးနဲ့ဖြစ်စေ ကျေးဇူးတင်တဲ့ အနေနဲ့ဖြစ်စေ ရွှင်ပြတဲ့တုံ့ပြန်မှုကို ရရှိတာဟာ သဘာဝတရားပါပဲ။ အဲဒီလိုပါပဲ မိမိလုပ်တဲ့ ကောင်းတဲ့ အလုပ်၊ မကောင်းတဲ့အလုပ်တို့ရဲ့ လုပ်ရပ်တွေဟာ မိမိဆီကို တစ်ချိန်ချိန်မှာ ပြန်လည်ရောက်ရှိလာတာဟာ သဘာဝတရားမို့ ဘယ်သူမှ ငြင်းလို့မရပါ။ ဒါကြောင့် မိမိတို့ဟာ အကောင်းကြိုက်တဲ့လူတွေ၊ ချမ်းသာသုခကိုပဲ ခံစားချင်တဲ့လူတွေမို့ အဲဒီချမ်းသာသုခပျော်ရွှင်မှုတွေ ခံစားရအောင် မိမိကိုယ်တိုင်လည်း သူတစ်ပါးချမ်းသာသုခဖြစ်စေမဲ့ အရာများသာပြုလုပ်ပြီး သူတစ်ပါးဒုက္ခဆင်းရဲဖြစ်မဲ့အရာများကို ရှောင်ကြဉ်ရမယ်ဆိုတာ သိရှိထားကြ ပါလေ။ အဲဒီလို မိမိတို့စိတ်ကို သတိပညာလေးနဲ့ထိန်းချုပ်ပြီးသကာလ အမှန်တရားရဲ့သဘာဝကို အမှန်တရားအတိုင်းသိရှိပြီး အမှန်တရားကိုလုပ်ဆောင်ကာ အမှန်တရားတို့ စုဝေးရာကို လျှောက် လှမ်းနိုင်အောင် ပြုလုပ်ရပါမယ်။ ဦးဇင်း အွန်လိုင်းသုံးရတဲ့ အချိန်လေးမှာ မိမိက ပလ္လင်ပေါ်တက် တရားဟောဖို့ မဖြစ်နိုင်သေးတာကြောင့် ကိုယ်တက်နိုင်တဲ့ အွန်လိုင်းကနေ ဖြစ်နိုင်သမျှ လူတွေကို အမှန်တရားသိအောင် ပြုလုပ်ပေးမယ်ဆိုပြီး အမေးအဖြေများ ပြုလုပ်ပေးခဲ့တာပါ။ ဘယ်ဘာသာဝင်ရယ်လို့ သီးသန့်ခွဲခြားထားတာ မရှိဘူး။ သိချင်သမျှကို ဦးဇင်းအသိဉာဏ်ရှိသမျှ ဖြေပေးခဲ့ပါတယ်။ အဓိကကတော့ အမှန်တရားကို သိဖို့ပါပဲ။ ဒီလိုပြုလုပ်ပေးတယ်ဆိုတာကလည်း ဦးဇင်းရဲ့စိတ်ထဲမှာ မြတ်ဗုဒ္ဓကို အတုယူအားကျမိလို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ မြတ်ဗုဒ္ဓဟာ သူ့တစ်ယောက်တည်းတွက်ဆို ချမ်းသာသုခကို ရနေပါလျက် ဘ၀ပေါင်းလေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းကာလပတ်လုံး သူများမလုပ်နိုင်တဲ့ အရာတွေကိုပြုလုပ်ပြီး ပါရမီဖြည့်ကာ အသိဉာဏ်ပညာများရအောင် အားထုတ်ခဲ့ပါတယ်။ အဲဒီလိုအားထုတ်ပြီးလို့ ကိုယ်တိုင်ငြိမ်းချမ်းတဲ့ဘ၀ကိုရတဲ့အခါမှာလည်း မနားမနေ တစ်ရက်ကို(၂၄)နာရီရှိတဲ့အထဲက (၂)နာရီကျော်လေးသာ အနားယူပြီး ကျန်တဲ့အချိန်တွေကို အများအတွက် အလုပ်လုပ်ပေးခဲ့ပါတယ်။ ဒါကြောင့် ဦးဇင်းလည်း မြတ်ဗုဒ္ဓလောက်မစွမ်းနိုင်ပေမဲ့ စွမ်းနိုင်သလောက်တော့ ဖြစ်နိုင်သမျှ အများအကျိုးရှိအောင်၊ အများအမှန်တရားကိုသိရှိအောင်ဆိုပြီး ခုလို အမေးအဖြေများ ပြုလုပ်ပေးခဲ့တာပါ။ အရင်ကတော့ ဦးဇင်းကိုယ်တိုင် အင်္ဂလိပ်စာ အားနည်သေးလို့ အင်္ဂလိပ်လိုမေးတဲ့ဟာတွေကို အင်္ဂလိပ်လို ပြန်မဖြေပေးနိုင်ခဲ့ပါဘူး။ ခု နောက်ပိုင်းတော့ ဦးဇင်းကိုယ်တိုင်လည်း အားထုတ်မှုများလာတဲ့အတွက် အင်္ဂလိပ်လိုမေးတဲ့အရာများကို အင်္ဂလိပ်လို ကိုယ်တက်ကျွမ်းသလောက် ဖြေဆိုပေးခဲ့ပါတယ်။ ဦးဇင်းအနေနဲ့ကတော့ ဘယ်ဘာသာကိုမှ အဆိုးမမြင်ပါဘူး။ ဒါပေမဲ့ မိမိတို့သိထားရမှာက ဘာသာဆိုတာထက် မိမိကိုယ်ကို စိတ်ထားကောင်းဖို့နဲ့ အမှန်တရားကိုသိမြင်ပြီး အဲဒီအမှန်တရားကို လက်ကိုင်ထားကျင့်သုံးဖို့ပါပဲ။ တချို့ဘာသာဝင်တွေမှာ စိတ်ထားကောင်းသူတွေ အများကြီးရှိသလို စိတ်ထားမကောင်းသူတွေလည်း ရှိကြပါတယ်။ အဲဒီလိုပါပဲ ဦးဇင်းတို့ဘာသာမှာလည်း ကောင်းသူရော မကောင်းသူရော အများကြီးပါ။ အဲဒီတော့ အဓိကအကျဆုံးအရာက ဘာသာဆိုတာထက် အမှန်တရားကိုသိဖို့နဲ့ အဲဒီအမှန်တရားကိုလက်ကိုင်ကျင့်သုံးပြီး စိတ်ထားကောင်းလေးနဲ့ ပြုလုပ်နေထိုင်သွားကြဖို့ပါပဲ။ ဒါဟာ အဓိကအကျဆုံးပါပဲ။ ဦးဇင်းလည်း VOA သတင်းဌာနက အင်တာဗျုးလွင့်ပြီးနောက်ပိုင်း နိုင်ငံခြားလူမျိုးတွေကပါ အင်္ဂလိပ်လို မေးခွန်းတွေ မေးလ်ထဲ ရောက်ရောက်လာပါတယ်။ မိမိက မြန်မာပြည်ပြန်ခွင့်တောင်းထားလို့ ကျမ်းစစ်ဆရာက ကျမ်းအတွက်လိုအပ်တဲ့စာအုပ်တွေကို နေ့စဉ်တွေ့ဆုံးပြီး စဉ်းစားမိတိုင်း ပြောဆိုနိုင်အောင်ဆိုပြီး နေ့စဉ်တက္ကသိုလ်ကို ခေါ်နေလို့ သွားနေရပါတယ်။ အဲဒီလို အလုပ်များနေပေမဲ့ ဘာသာခြားများရဲ့ ဘာသာရေးဆွေးနွေးမေးခွန်းများကို ပြန်လည်ဖြေကြာပေးမှု၊ ဂျာနယ်မှာ ဆောင်းပါးရေးပေးမှု၊ မိမိတို့ဘာသာဝင်များ သိချင်တာများကို ဖြေကြားပေးမှု၊ တိုင်းတစ်ပါးသားများရဲ့ အင်္ဂလိပ်မေးခွန်းများကို တက်နိုင်သမျှ ဖြေကြားပေးမှုတို့ကို ပြုလုပ်ပေးခဲ့ပါတယ်။ ဦးဇင်းမြန်မာပြည်ပြန်ကို ဧပြီလ(၂)ရက်နေ့ပြန်ရင် တည်းမဲ့လိပ်စာနဲ့ ဆက်သွယ်ရမဲ့ဖုန်းနံပါတ်ကို အွန်လိုင်းမသုံးဖြစ်ရင် ဆက်သွယ်မေးမြန်းလို့ရအောင်ဆိုပြီး ဘာသာခြားများကပါ မေးမေးနေကြတာနဲ့ ဦးဇင်းကို ဆက်သွယ်ရမဲ့ ဖုန်းနံပါတ် ထည့်ပေးလိုက်ပါတယ်။ ဦးဇင်းကို တိုက်ရိုက်ဆက်သွယ်နိုင်မဲ့ ဖုန်းနံပါတ်က 09-43910411 ပါ။ ဦးဇင်းကိုသိချင်တာ မေးချင်လို့ဖြစ်စေ၊ ခင်မင်ရင်းနှီးလို့ တွေ့ဖူးချင်လို့ဖြစ်စေ မည်သို့သောအကြောင်းကြောင့်ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။ အဲဒီဖုန်းနံပါတ်က ဦးဇင်းအတွက် ဒကာမတစ်ယောက်မှ တစ်ခါသုံးကဒ်ဖုန်းကို ၀ယ်ပေးထားတာမို့ တကယ်လို့များ ကဒ်ကုန်လို့ ဆက်မရရင် ကျောင်းဖုန်းဖြစ်တဲ့ 01-430216 ကိုဆက်ပြီး ဆက်သွယ်နိုင်ပါတယ်။ ဦးဇင်း ဧပြီလ(၂)ရက်နေ့ကနေ မေလ(၁၅)ရက်နေ့ထိ မြန်မာပြည်မှာ ရှိနေပါလိမ့်မယ်။ အားလုံး သူတော်ကောင်းစိတ်လေးတွေရှိပြီး သူတော်ကောင်းအလုပ်လေးများလုပ်ကာ သူတော်ကောင်းများစုဝေးရာအရပ်ကို လျင်မြန်စွာ လျှောက်လှမ်းနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သ လျက်……။ အင်္ဂလိပ်ဘာသာပြန်ကိုတော့ အင်္ဂလိပ်လိုဖတ်မှသိမဲ့လူများအတွက် ဦးဇင်းလိုရင်းကိုပဲ ဘာသာပြန်ပေးလိုက်ပါတယ်။

ဘာသာဝင်အားလုံးရဲ့ အဓိကမိန်းက ဘာလဲ

Posted by : လက်တွဲဖော် 0 Comments
မိန်းမလေးများ သိထားသင့်သော ဓါတ်တိုင်နှင့်တူသော ယောင်္ကျားများအကြောင်းပေါ့နော် ယောက်ျားလေးများမှ မိန်းမလေးမြင်တိုင်း ကြည့်ချင်ကြသည် စိတ်ဝင်စားကျတယ် သနားတတ်ကြတယ် ဂရုစိုက်တတ်တယ် ကြင်နာတတ်တယ် အိမ်ကမိန်းမကိုမေ့နေတတ်ပြီး အနီးပတ်ဝန်းကျင်မှ မိန်းမလေးများကိုသာ သူတို့ စိတ်တွင်သာယာတတ်ကြတယ်လေ အိမ်မှ မိန်းမ အပြင် သွားသခိုက်လည်း အိမ်တွင် ကူညီရန် ခေါ်ထားသော အမျိုးတော်သည်ဖြစ်စေ အလုပ်သမား မိန်းမလေးများကို အိမ်ကမိန်းမထက်ပင် သနားတတ်ကျတယ် မိန်းမလေးမှန်သမျှ သူတို့မျက်စေ့ ရှေ့တွင်ဖြတ်သွား၍ သူတို့ မျက်စေ့နှင့် စိတ်နှင့် မကြည့်မိသည့်  ယောက်ျား မရှိသလောက်ပင်ရှားပါးလှပါတယ် ဝေးလျှင်လည်း အဝေးက ကြည့်တတ်တယ်လေနော် နီးလျှင်လည်းအနီးကပ် ကြည့်တတ်တယ် ဓါတ်တိုင်လည်းထိုနည်းအတိုင်းပင် မည့်သည့်အိမ်က မီးလာသွယ်သွယ် အကုန်သွယ်ယူနိုင်သကဲ့သို့ နီးလျှင်ပို၍မီးအားဗို့ အားများသည် ဝေးဝေး နီးနီး မည့်သည့်နေရာမှ သွယ်ယူယူ ရရှိနိုင်ပါတယ် ကျွန်မအကိုသည် သူမိန်းမနဲ့ ကလေးများရှိပါတယ်ရှင် ကောင်မလေး တယောက်ကို ဆင်းရဲလွန်း၍ သနားသည်ဟုဆိုကာ ထပ်ယူထားပါတယ် မိန်းမကြီးအားလည်းကွာမပေးပါ နောက်အကိုတယောက်ကလည်း အိမ်မှာခေါ်ထားသော စာရေးမလေးများနှင့် မွေးစားသမီးဟုဆိုကာ မွေးပီးစားပါတယ် အဝေးလမ်းမပေါ်တွင်ကားမောင်းနေသောအကိုသည် ကားတခါနားသည့် နေရာသည် သူအိမ်ထောင်ကျသော နေရာဖြစ်နေပါတယ် အပြင်က ထမင်းသည် အိမ်ကထမင်းထက် စားကောင်းသည်ဟု ယောင်းမအား ခဏခဏ ဟင်းမချက်တတ်၍ အပြစ်ပြောပါသည် အသက်ကြီးသောလူကြီးဟု ဆိုသောလူကြီးများသည် ကေတီဘီ(K T B) ဆိုင်တွင် သူတို့ံနှစ်သက်သော ကောင်မလေးများအား ဘိုကင်ချိတ်ထားပါသည် အိမ်မှာနေ၍အဖွားကြီးစော်နံနေသော အဖွားကြီးများရှေ့တွင်သူတို့သည် သီလ သမာဓိ နှင့်ပြည့်စုံသော လူကြီးများ ဖြစ်နေပါသည် မိန်းမလေးများ သိထားသင့်သော ဓါတ်တိုင်နှင့်တူသော ယောင်္ကျားများအကြောင်းပေါ့နော် မ..မကို စာဖတ်တဲ့သူ အပြစ်ပြောမလား ဓါတ်တိုင်မှ လျှပ်စစ်ကမီးမှန်မှန် မပေးဘူးတဲ့ မီးမလာတဲ့ရက်တွေရောတဲ့ မေးကျတယ် ပြန်ပြောရမှာအားနာတယ် မီးမလာတဲ့ရက်သည် အနားယူသောရက်ဖြစ်သည် ပြန်ရေးချင်တာလေနော်............း ) စိတ်မဆိုးနဲ့နော် လူတိုင်းအားမဆိုလိုပါ....:D

ဓါတ်တိုင်နှင့်တူသော ယောက်ျားများအကြောင်း

Posted by : လက်တွဲဖော် 0 Comments
မင်္ဂလာဆောင်ပြီးစ သူတို့ဇနီးမောင်နှံရဲ့ဘဝက လူတိုင်းအားကျဖို့ ကောင်းအောင် ပျော်ရွှင်မှုတွေနဲ့ပြည်.နှက်နေခဲ့တယ်။ သားတစ်ယောက် မွေးခဲ့ပေမယ့် တစ်သားမွေး တစ်သွေးလှဆိုသလို သူမ လှပနေခဲ့တယ်။ ခန္ဓာကိုယ် အချိုးအစားကို အပျိုလေးတစ်ယောက်လို့ သူမ ထိန်းသိမ်းထားနိုင်ခဲ့တယ်။ လင်ယောက်ျားနဲ့ တွဲသွားသည့်တိုင် ပုရိသတို့ရဲ့ အကြည့်စက်ကွင်းမှာ သူမ မလွတ်ခဲ့ဘူး။ အိမ်သူသက်ထားရဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ အလှကြောင့် အပေါင်းအသင်းတွေကြားမှာ သူ လက်မထောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် လင်နဲ့မယား၊ လျှာနဲ့သွား ဆိုသလို အိမ်ထောင်သက် ရင့်လာတာနဲ့အမျှ သူတို့မှာ ကတောက်ကဆတ်တွေ ရှိလာခဲ့တယ်။ နေ့လယ်အလုပ်မှာ သူ ပင်ပန်းခဲ့တယ်။ ညမှာ သူမ ကလေးပြုစု စောင့်ရှောက်ရတယ်။ သူတို့ဇနီးမောင်နှံ နှစ်ယောက်ကြားက ကြင်နာယုယမှုတွေ တစ်နေ့ထက်တစ်နေ့ လျှော့နည်းလာခဲ့တယ်။ သူတို့ရဲ့ ဆက်ဆံမှုက တစ်ခါတလေမှာ ရေခဲမှတ်ထိတောင် အေးစက်သွားခဲ့တယ်။ တစ်နေ့ သူ့ကို သူမ တစ်ခုတောင်းဆိုခဲ့တယ်။ "ကျွန်မတလေးတစားနဲ့ တစ်ခုလောက် တောင်းဆိုချင်ပါတယ်" "ဘာတောင်းဆိုမှာလဲ" သူ စိတ်မရှည်စွာ မေးတယ်။ "ကျွန်မကို တစ်နေ့တစ်မိနစ်လောက် ပွေ့ဖက်ပါ" "လိုအပ်လို့လား?" သူမကို သူတစ်ချက်ကြည့်ပြီး ခနဲ့တဲ့တဲ့မေးတယ်။ "လိုအပ်လို့ ကျွန်မတောင်းဆိုတာပါ။ ရှင်က ကျွန်မကို မယုံသင်္ကာနဲ့ ပြန်မေးတဲ့အတွက် ပိုလို့ လိုအပ်ပါတယ်" "အကြင်နာတွေကို ရင်ထဲမှာပဲ ထားတယ်.. ထုတ်ဖော် ပြောပြစရာမလိုပါဘူး" "တကယ်လို့ အရင်တုန်းက ချစ်တာကို ရှင်ထုတ်ဖော် မပြောခဲ့ရင် ကျွန်မတို့ ယူဖြစ်ကြမယ် မထင်ဘူး" "အရင်ကအရင်လေ အခုဆိုရင် ပိုတည်ငြိမ်သွားပြီ မဟုတ်လား?" "ထုတ်မပြောတိုင်း ပိုတည်ငြိမ်သွားမှာ မဟုတ်သလို ထုတ်ပြောတိုင်း ဟန်ဆောင်တာတွေ မဖြစ်နိုင်ဘူး" နှစ်ယောက်သား သူတစ်ခွန်း ငါတစ်ခွန်းနဲ့ စကားများကြတော့တယ်။ နောက်ဆုံးတော့ စစ်အေးမီးငြိမ်းအောင် သူပဲ အရင် အလျှော့ပေးလိုက်ပါတယ်။ အနားနားသွားပြီး သူမကို တစ်မိနစ်ကြာ သူဖက်ထားလိုက်တယ်။ "အဓိပ္ပါယ်မဲ့တဲ့ မိန်းမပဲ" သူမကို ပွေ့ဖက်ပြီး သူရယ်ကျဲကျဲ ပြောတယ်။ "အချစ်နဲ့ ပတ်သက်လာရင် မိန်းကလေးတွေက အဓိပ္ပါယ်မဲ့တတ်ကြတာပဲ" အဲဒီနောက် နေ့တိုင်း သူမကို တစ်မိနစ်ပွေ့ဖက်ဖို့ သူအချိန်ပေးခဲ့ရတယ်။ နေ့တိုင်း တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ချိန်မှာ သူတို့ ဘာမှမပြောဘဲ နုတ်ဆိတ်နေခဲ့ကြပေမယ့် သူတို့ရဲ့ဆက်ဆံရေးက တဖြေးဖြေး သဟဇာတ ဖြစ်လာခဲ့တယ်။ ဒီလိုနုတ်ဆိတ်ခြင်းက မပွေ့ဖက်ခင် နုတ်ဆိတ်ခြင်းနဲ့ စိတ်ခံစားချက်ရော၊ အဓိပ္ပါယ်ပါ ကွဲပြားခဲ့ပါတယ်။ ဒီလိုနဲ့တစ်နေ့မှာ သူမ ခရီးဝေးသွားဖို့ ကြုံလာခဲ့တယ်။ ရထားမထွက်ခင် သူ့ကို သူမက... "ကျွန်မကို ပွေ့ရမယ့် တာဝန်တစ်ခု ခဏလောက်တော့ ရှင်ကင်းလွတ်သွားတာပေါ့နော်" "ဟင့်အင်း.. ငါ မင်းကို ဖက်ချင်နေမှာ" သူရယ်ရင်းပြောတယ်။ တကယ်ပဲ နောက်တစ်ရက်မှာ သူ့ဆီကဖုန်းကို သူမ လက်ခံရခဲ့တယ်။ ဖုန်းပြောရင်း သူမရဲ့ မျက်လုံးအိမ်မှာ မျက်ရည်တွေ ပြည့်လျှံနေခဲ့တယ်။ တစ်ယောက်ကိုတစ်ယောက် ချစ်ခင်ကြင်နာခဲ့သူနှစ်ဦးရဲ့ ဒေါသတွေ အချင်းချင်း ပွတ်တိုက်မိကြပြီးဆိုရင် အိမ်ထောင်ရေးက တောသူမတစ်ယောက်လို ဆွဲဆောင်မှု နည်းသွားတတ်တယ်။ လူတွေက အိမ်ထောင်သက် ရှည်လာတာနဲ့အမျှ အကြင်နာ၊ အယုယတွေ လျှော့နည်းလာတတ်သလို၊ တစ်ယောက်အပေါ်တစ်ယောက် ယုယမှုတွေ မလိုတော့ဘူးလို့လည်း ထင်မြင်လာတတ်ကြတယ်။ မယူခင် နှစ်ရှည်လကြာ အရူးအမူး ချစ်ကြိုက်ခဲ့တဲ့ အချစ်နဲ့ခံစားချက်ကို တဖြေးဖြေး မေ့လျှော့ခဲ့လိုက်ကြတယ်။ ချစ်စ၊ ကြင်နာစက ရှိခဲ့ဖူးတဲ့ ရင်ခုန်သံကို တစ်နေ့တခြား ပျက်ဆီးအောင် ဖျက်ဆီးပစ်လိုက်ကြတယ်။ တကယ်လို့ အချစ်ကို တစ်နေ့ထက်တစ်နေ့ ပိုတိုးပွါးအောင် လုပ်ဆောင်နိုင်ခဲ့ရင် ကျွန်မတို့ရဲ့စိတ်နှလုံးထဲမှာရှိတဲ့ အချစ်က ဘယ်တော့မှ အေးစက်ကုန်ဆုံး ပျက်ဆီးသွားမှာ မဟုတ်ပါဘူး။ "ချစ်တယ်" "ကျေးဇူးတင်ပါတယ်" ဒါမှမဟုတ် နွေးထွေးတဲ့ အပြုအမှုလေး တစ်ခုထဲတင် ကိုယ်ချစ်တဲ့သူရဲ့ နှလုံးသားကို ပျော်ရွှင်ကြည်နူးစေနိုင်သလို အဓိပ္ပါယ်အများကြီး သက်ရောက်အောင်လည်း ပေးနိုင်စွမ်းပါတယ်။ ချစ်တတ်သူများအားလုံး အချစ်ခရီးလမ်းမှာ ပျော်ရွှင်သင်ယူမှုတွေနဲ့ ပြည့်နှက်နေပါစေ.... original post : (每天抱我一分鐘) Google search နိုင်းနိုင်းစနေ ဘာသာပြန်သည်။ ရေးသားသူ....... နိုင်းနိုင်းစနေ at 4/09/2009 01:21:00 AM ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPost%3A1080546&xgs=1&xg_source=msg_share_post#ixzz1qDiWBNO2

တစ်နေ့တစ်မိနစ် ပွေ့ဖက်ပါ

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -