Posted by : လက်တွဲဖော် Thursday, February 16, 2012

အပိုင်း (၁)

“အား .. .ကျွတ် . ကျွတ် … ”  .. “နာလိုက်တာ .. ” …

ညီးတွားသံ သဲ့သဲ့ဖြင့် ဆေးရုံကုတင်ထက်မှ မိန်းကလေး တစ်ယောက် သတိရလာသည်။ အနားမှာ စောင့်နေကြသော မိသားစုဝင်များ ၀မ်းသာအားရဖြစ်ကာ ဆရာဝန်ခေါ်သည့်သူက ခေါ်၊ ရေတိုက်သည့်သူက တိုက် ကာ အလုပ်ရှုပ်နေကြသည်။ ထိုမိန်းကလေးကတော့ မိမိဘာကြောင့် ဆေးရုံရောက်နေသည်ကို ကောင်းစွာသတိရပုံမပေါ်သေးပေ။

အဖြစ်မှန်မှာ ကားအက်ဆီးဒင့်ကြောင့် ဆေးရုံပေါ်တွင် နှစ်လကြာမျှ နှင်းမှုန် သတိလစ်မေ့မျောနေခဲ့ခြင်းဖြစ်သည်။ သူမ၏ မိသားစုကလည်း နှင်းမှုန် သတိပြန်ရလာသဖြင့် ၀မ်းသာနေကြသည်။ ဆရာဝန်ကြီးများ လိုအပ်တာ စမ်းသပ်ပြီးနောက် “စိတ်ချရသည့် အခြေအနေဖြစ်ပြီ” ဟု မှတ်ချက်ပေးသွားခဲ့သည်။ “ဒဏ်ရာတွေ သက်သာလျှင် ဆေးရုံက ဆင်းလို့ရပြီ” ဟုလည်း ပြောခဲ့သဖြင့် ဆင်းရမည့် အချိန်ကို စောင့်ရုံသာ …. ဆေးရုံပေါ်တွင် လူးလွန့်ရင်း စိတ်အစဉ်ကတော့ အတိတ်ဆီသို့လွင့်လျက် ..

        ဘယ်ဆီကိုမင်းရောက်နေမလဲ ဘာတွေကိုမင်းလုပ်နေမလဲ ဘယ်သူနဲ့မင်းရှိနေမယ် တွေးမိပါတယ် ပြန်လွမ်းမောရင်းနဲ့ စဉ်းစားရင်းနဲ့ ငါသတိရပါတယ် …….

ဆေးရုံဝင်းအပြင်ဘက် လက်ဘက်ရည်ဆိုင်မှ ပျံ့လွင့်လာသော လေးဖြူရဲ့သီချင်းသံက ခံနိုင်ရည်ကို စမ်းသပ်နေယောင်။ မယုံနိုင်စရာအဖြစ်အပျက်တွေကို တွေးမိတိုင်း နှင်းမှုန်စိတ်ထဲ တနုံ့နုံ့။ မိမိဆုံးဖြတ်ချက် မှားလား၊ မှန်လား မသိတော့။ ကိုယ်တိုင် ခံနိုင်ရည်ရှိပ့ါမလားလဲ မတွေးချင်တော့။ သို့သော် … ရင်ထဲတွင်တော့ တွေးမိတိုင်း တစ်စစ်စစ် နာကျင်နေရဆဲ …. တိုက်ဆိုင်တိုင်း မျက်ရည်ဝဲရမြဲ။ “အပေါ်ယံရှပ်ထိသော ဒဏ်ရာမဟုတ်တော့ အလွယ်တကူငါမေ့မရဘူးကွယ်”… တဲ့။ မှန်လေစွ။ သုံးနှစ်နီးပါး ဆိုသော အတိုင်းအတာသည်လည်း ရင်ထဲတွင် အမြစ်စွဲဖို့ လုံလောက်ခဲ့သည် မဟုတ်ပါလား။

 

အပိုင်း (၂)


ရွှေတိဂုံဘုရား မြောက်ဘက်မုခ်သို့ ၂၀၄ ဘက်စ်ကားရပ်သည်နှင့် ပြည့်ကြပ်နေသော လူအုပ်ကို ငွေနှင်းမှုန်နှင့် ခတ္တာတို့ တိုးဝှေ့ဆင်းလာခဲ့သည်။ တက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသူများဖြစ်သော နှင်းမှုန်တို့မှာ ကျောင်းပိတ်ရက် ဖြစ်သော တနင်္ဂနွေနေ့တွင်သာ ဘုရားကို အမြဲလာဖူးလေ့ရှိသည်။ ထို့ကြောင့်လဲ ယခုကဲ့သို့တိုးဝှေ့ဆင်းရမြဲ။ သူမတို့အတွက်တော့ အထူးအဆန်းပင် မဟုတ်တော့ပါလေ။ သို့သော်လည်း ဒီနေ့မှကားက ပိုကြပ်နေသလို စိတ်ကထင်မိသေးသည်။ နဖူးနှင့် ဆံစအစပ်တွင် ချွေးစလေးများပင် စို့ချင်ချင်ရယ်လေ။ ကားပေါ်မှဆင်းပြီး စကားတပြောပြောဖြင့် ဘုရားရှိ ဓါတ်လှေကား ၀င်ပေါက်သို့ ဆက်လျှောက်လာ ခဲ့ကြသည်။

ဓါတ်လှေကားအပေါက်မှ ထွက်လျှင် အမြဲရောင်းလေ့ရှိသော ရွှေပန်း၊ငွေပန်း တို့ကို ဘုရားကပ်မည်ဟု တွေးလျက် ၀ယ်လာခဲ့သည်။ ဘုရားရင်ပြင်တော်တွင် မနက်စောစော လေနုအေးလေးများက ဝေ့၀ဲတိုက်ခတ်လျက်။ လေအေးလေးများကို ရှုရှိုက်ရသည်မှာလည်း ရင်ထဲတွင်အေးအေးမြမြ။ ဘုရားရှင်၏ အရိပ်အာဝါသသည်ကား အေးချမ်းမှုတို့ဖြင့် ကြည်ကြည်နူးနူး ရှိလှပေသည်။ ထိုအချိန် မိမိကို တစ်စုံတစ်ယောက်က စိုက်ကြည့်နေသလို ခံစားရသဖြင့် အနီးအနားကို နှင်းမှုန် မျက်စိကစား လိုက်သည်။ သောကြာထောင့်နှင့်မျက်စောင်းထိုးရှိ ခေါင်းလောင်းတစ်ခုနားတွင် ထိုင်နေသော မင်းခန့်။ သူ့ကိုမြင်သွားမှန်း သိတော့ မျက်နှာက ပြုံးစိစိဖြင့် ရှက်နေသေးသည်။ နှင်းမှုန်ကိုယ်တိုင်လည်း အံ့သြသွားခဲ့သည်။ နှင်းမှုန်ဘုရားတက်သည့်အချိန် ကိုတမင်ရွေးပြီး လာစောင့်နေတာဖြစ်မည် ဟု စိတ်ထဲက ထင်နေမိသည်။

အင်္ကျီအဖြူလည်ကတုံးနှင့် ယောပုဆိုးအနက်ရောင်ဝတ်လျက် ထိုင်နေသော မင်းခန့်မှာ လူများအလယ်တွင် ထင်းလင်းနေသည်။ မျက်ခုံးထူထူပေါ်တွင် မေးရိုးအနည်းငယ်ကားပြီး နဖူးပေါ်ဝဲကျသောဆံပင်များကြောင့် လူချောတစ်ယောက် အသွင်က အထင်းသား။ နှင်းမှုန်ထက် အသက် ငါးနှစ်ကျော်ကြီးပေမဲ့ သူ့မျက်နှာက ရင့်မနေ။ ကြည့်ကောင်းသည်။ နှင်းမှုန် သူနှင့်ခင်မင်သည်မှာ ၁ နှစ်ကျော်ရှိပြီ။ ထိုကာလအတွင်း မရိုးမသားအကြည့်၊ စကားများတစ်ခါမှ မမြင် မကြားဖူးသည်မို့လည်း ယခုလို မြင်လိုက်ရခြင်းကို အံ့သြမိခြင်းပင်။ သူ့ကိုမြင်သွားမှန်းသိသော်လည်း အနားကိုလျှောက်မလာ ထိုနေရာ၌ပင် ဆက်ထိုင်နေသည်။ နှင်းမှုန်လည်း ခတ္တာကို လက်တို့ပြီး တိုးတိုးကြိတ်ကာပြောပြလျက် မိမိမွေးနံရှိရာ တနင်္လာထောင့် သို့ ဆက်လျှောက်လာခဲ့သည်။ နောက်သို့ မသိမသာကြည့်မိတော့ မင်းခန့်လိုက်လာတာ မြင်ရသည်။ ရင်ထဲတွင် မပြောပြတတ် သည့် ခံစားမှုတစ်ခုက တဒုတ်ဒုတ်ဖြင့်။ ကိုယ်တိုင်လည်း သိကျွမ်းတာကြာပြီဖြစ်သော်လည်း ယခုမှထခုန်နေသည့် နှလုံးသားကို အံ့သြမိသည်။ “သြော် .. င့ါနှယ့် ဘာမှတောင်မဟုတ်သေးဘူး ရင်ခုန်တာ ပေါက်ထွက်တော့မလား အောက်မေ့ရပါလား” . ဟု တွေးရင်းကြိတ်ပြုံးရသည်။ ထိုနေ့က စကားတစ်ခွန်းမှလာမဆိုဘဲ နှင်းမှုန်ဘုရားရှိခိုးပြီး ထလာတော့ သူမရှိတော့။ လာရုံသာ လာပြီး ပြန်သွားပုံရပါသည်။

 

အပိုင်း (၃)

 

င့ါရင်ထဲ ဘယ်အချိန် မင်းဝင်နေခဲ့လဲ ငါမသိ

ခုတော့ င့ါရင်တွေ တသိမ့်သိမ့်ခုန် ရောဂါကျွမ်းတော့ ဆေးမရှိ …


ဘုရားပေါ်မှာတွေ့ပြီးသည့်နောက်ပိုင်း နှင်းမှုန်ဆီသို့ တစ်ရက်ခြားတစ်ခါလောက် ဖုန်းဆက်လာသည်။ ဟိုဒီအကြောင်း ထွေရာလေးပါးပြောတတ်ပြီး မရိုးမသားစကားမျိုး မပြော။ သို့သော် သူပြောသည့်စကားများတွင် နှင်းမှုန်အပေါ် ဂရုတစိုက်ရှိစွာ အလေးထားကြောင်းတော့ ခံစားမိသည်။ မင်းခန့်က ရန်ကုန်ဇာတိဖြစ်သော်လည်း ရန်ကုန်တွင် တစ်လ၊နှစ်လလောက်သာ နေတတ်သည်။ နယ်တွင် မိဘလက်ငုတ်လက်ရင်း ဆိုင်ကိုဦးစီးလုပ်ကိုင်ပေးသည်။ ထို့ကြောင့် နယ်တွင်သာအနေများသည့်သူ။ မင်းခန့် ညီမ၀မ်းကွဲနှင့် နှင်းမှုန်က ကျောင်းအတူတူတက်နေသဖြင့် သူမအိမ်မှာ စာအတူတူလုပ်ကျလျှင် မင်းခန့်ရန်ကုန်မှာ ရှိပါက တွေ့မြင်နေကျ။ အလည်လာလို့ ပြုံးပြခေါင်းငြိမ့်ပြရုံကလွဲလို့ စကားအပိုမဆိုတတ်။ သူလုပ်စရာရှိတာကိုသာ လုပ်နေ တတ်သူ။ ယခုတော့ ထိုသို့မဟုတ်ဘဲ ပုံစံပြောင်းနေသည်။

ဧပြီလ (၁၀) ရက်နေ့။ မှတ်မှတ်ရရ စိုင်းစိုင်းမွေးနေ့မို့ ရှိုးပွဲသွားကြည့်ဖို့ ချိန်းကြသည်ကို မင်းခန့်သိသွားပြီး နှင်းမှုန်ဆီ ဖုန်းဆက်ခဲ့သည်။

“နှင်း … ရှိုးပွဲသွားမလို့ ဆို .. မသွားပါနဲ့လား”

“ အာ .. ဘာလို့လဲ သွားမှာပဲ .. ဒီနေ့ ချိန်းထားကြတာကို”

“မသွားပါနဲ့ကွာ .. စိတ်မချဘူး .. လူအရမ်းများပြီး ရန်တွေဖြစ်ရင် ဘယ်လိုလုပ်မလဲ နောက်ပြီး နှင်းကို သူများတွေ ကြည့်မှာ မကြိုက်ဘူး။ ကိုယ်ပြောတာ နားထောင်ပါနော်”

“စိတ်မချရအောင် ဘာဆိုင်နေတာ လိုက်လို့ .. ဘာလို့တားနေရတာလဲ”

“နှင်း တကယ်မသိတာလား .. မသိချင်ယောင်ဆောင်နေတာလား … ကိုယ် နှင်းကို ချစ်လို့ပေါ့ … ကိုယ့်ချစ်တဲ့သူ ကို စိတ်မချတာ .. စိတ်ပူတာ အပြစ်လား …” … ရင်ထဲမှ တကယ်ခံစားနေရသော အသံဖြင့် … မင်းခန့်ဖွင့်ပြောလိုက်တော့သည်။

“ရှင် …” … နှင်းမှုန် ရင်တွေ တဒိန်းဒိန်း ခုန်လာလျက် ခြေဖျားလက်ဖျားတွေပင် အေးလာသည်။ သူ တစ်နေ့ပြောလာ လိမ့်မည် တွေးထားသော်လည်း တကယ်တမ်း ကြားလိုက်ရသောအခါမှာတော့ ကိုယ့်ရင်ခုန်သံကိုပင် ကိုယ်ပြန်ကြားနေရပါလား။ ရင်ထဲ တစ်မျိုးလေးဖြစ်သွားကာ သူ့စကားကို နားထောင်ဖို့ ဆုံးဖြတ်လိုက်သည်။ သို့သော် သူ့ကိုတော့ ဘာမှပြန်မပြောခဲ့။

“နှင်း .. စိတ်ဆိုးသွားတာလား … ကိုယ့်ကို တစ်ခုခုပြန်ပြောပါဦး .. နှင်းကော ကိုယ့်ကိုချစ်လားဟင် .. ကိုယ်လေ .. နှင်းကိုအရမ်းချစ်တယ် .. ကိုယ်ဖွင့်ပြောမယ်စဉ်းစားတိုင်း အသက်အရွယ်နဲ့ အခြေအနေက ကိုယ့်ကို ဟန့်တားထားတယ်.. ကိုယ့်ကို နှင်းပြန်မချစ်မှာ စိုးရိမ်စိတ်နဲ့ ကိုယ်မပြောရဲခဲ့တာ .. နှင်း .. ကိုယ့်အချစ်ကို လက်ခံနိုင်မလား”

“ ……………… နှင်း စဉ်းစားပါရစေ . အချိန်တစ်ခုတော့ ပေးပါနော် … ”

ဒီလိုနှင့် အချိန်ကာလ တစ်လကျော်အကြာ .. မင်းခန့်ကို နှင်းမှုန်အဖြေပြန်ပေးခဲ့သည်။ အဖြေကတော့ ရိုးရိုးလေးပင် .. ”ချစ်ပါသည်” ပေါ့ ….. အချစ်ဆိုတာကို အသက် ၂၅ ကျော်မှ တွေ့သော မင်းခန့်နှင့် သူမအတွက်တော့ အချစ်ဦး ဖြစ်သော နှင်းမှုန်တို့ နှစ်ယောက် … ချစ်သူတွေဘ၀ ပျော်စရာတွေ အတိဖြင့်။ အိမ်ချင်းကလည်း မနီးမဝေးမို့ မနက်တိုင်း အတူတူ လမ်းလျှောက်ကာ စားသောက်ဆိုင်မှာ မုန့်စားကြသည်။ ချစ်သူလက်ကို တွဲကာ လမ်းလျှောက်ရသည့် ခံစားချက် ဘာနဲ့မှမလဲနိုင်ခဲ့။ နှင်းမှုန်ကို ကျောင်းကားဂိတ်လိုက်ပို့ .. အပြန်ချိန်ကျ သွားကြိုကာ အတူတူ အိမ်ပြန်တတ်ကြသည်။ တစ်ခါတစ်လေလည်း ဗိုက်ဆာလျှင် မုန့်ဆိုင်ထိုင်ကြရင်း စကားတွေပြောကြသည်။ ကျောင်းပိတ်ရက်တွင်တော့ တခြားချစ်သူ စုံတွဲများနှင့်မတူ ဘုရားအတူတူ သွားဖူးကြသည်။ ထို့ကြောင့်ပင် နှင်းမှုန်သူငယ်ချင်းတွေက “ဘုရားသွား ကျောင်းတက် အတွဲ” ဆိုပြီး စနောက်တတ်ကြသည်။

တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်ကာ ရီစရာတွေပြောကြ၊ နှင်းမှုန်အစသန်သဖြင့် မင်းခန့်စိတ်ဆိုးရ တာလဲ ခဏခဏ။ လမ်းလျှောက်နေရင်း နောက်ကဖိနပ်တက်နင်းလို့ စိတ်ဆိုးရ၊ လမ်းလျှောက်နေရင်း ကားလမ်းအတင်း ဖြတ်ကူးသဖြင့် စိတ်ပူပြီး လိုက်ဆွဲရ၊ လက်တွဲထားရင်း ငြိမ်ငြိမ်မနေဘဲ လက်ကိုစိတ်ဆွဲနေသဖြင့် ပြောရပေါင်းလဲ မရေတွက်နိုင်။ သို့သော်လည်း ကိုယ့်ထက်ငယ်တဲ့သူကို ချစ်မိတော့လည်း မင်းခန့် အောင့်သက်သက်နဲ့ပဲ သည်းခံရတော့သည်။

နှင်းမှုန်ကြတော့လဲ တစ်မျိုး။ အသက်ငယ်သူမို့ အလျော့ပေးခံချင်သည်။ ဒါကို မင်းခန့်ကမသိ။ နှင်းမှုန်က တမင်ဆိုးပြ သည်။ မျက်နှာကို ပုံစံအမျိုးမျိုးလုပ်ပြ၍ စ နောက်တတ်သည်။ သူ့ကို ဂရုမစိုက်ပါက နှုတ်ခမ်းက အလိုလိုစူလာတတ်သည်။ မချော့မချင်း စိတ်ကောက်မပြေတော့။ တစ်ခါတစ်ရံလည်း ဟာသတွေဖတ်ထားသမျှ ပြောကာ ရီအောင် လုပ်တတ်ပြန်သည်။ နှင်းမှုန်က ဆူတာ၊ အော်တာ မကြိုက်။ သူ့ကိုမလုပ်စေချင်လျှင် အေးအေးဆေးဆေးပြောမှ ရသည်။ ဆူလျှင် အော်လျှင် စကားနားမထောင်တော့။ လုပ်ချင်ရာ လုပ်တော့သည်။

ဤကဲ့သို့ ကတောက်ကဆလေးများ .. အမှတ်ရစရာလေးများဖြင့် မင်းခန့်နှင့်နှင်းမှုန်တို့ ချစ်သူနှစ်ယောက် ချစ်ခရီးသက်တမ်း ၂ လပြည့်လာခဲ့တော့သည်။

 

အခန်း (၄)

 

တကယ်တော့ ချစ်လို့လွမ်းတာမဟုတ်ပါဘူး

လွမ်းရမယ်မှန်းသိရက်နဲ့ ငါချစ်ခဲ့တာ

 

“နှင်း .. ကို နယ်ကို ပြန်သွားရတော့မယ် ”

“ ဟုတ်လား ကို .. ဘယ်တော့သွားရမှာလဲ .. ဒီတစ်ခါ ဘယ်လောက်ကြာမှာလဲ ဟင်”

“အင်း နောက်တပတ်ထဲလောက်ဖြစ်မယ်ထင်တယ်။ မေမေက သူနဲ့အတူတူလိုက်ခိုင်းတာ .. ကို နှင်းကို မခွဲနိုင်သေးလို့ မလိုက်သေးတာ .. ခုတော့ မရတော့ဘူး ဟိုက လှမ်းခေါ်နေပြီ .. ကို ဟိုမှာ ၇ လ လောက်တော့ ကြာမယ်။ ဒီကြားထဲ ပြန်လာလို့ရရင် ကို ပြန်လာမယ်နော် .. ကို လဲ နှင်းကို လွမ်းနေမှာ .. ချစ်သူလေးကို ခွဲပြီး ကို ပြန်မသွားချင်တော့ဘူးကွာ .. နှင်း ကိုနဲ့လိုက်ခဲ့ပါလား”

“အို .. ဘယ်ဖြစ်ပါ့မလဲ .. နှင်း အဲလိုခိုးပြေးတာမျိုး မလုပ်ချင်ပါဘူး .. ကို ပြန်လာတဲ့အချိန်ထိ စောင့်မယ်နော်။ ကို့ ကိုပဲ နှင်းချစ်တာ . နှင်းလဲ လွမ်းနေရတော့မှာ ……….” … စကားပြောနေရင်း နှင်းမှုန် နှာသီးဖျားလေးတွေ နီရဲ လာသည်။ ချစ်ရသူနှင့် ခွဲရမည့်အရေး တွေးမိပြီး ကြိုတင်ဝမ်းနည်းလာသည်။ မျက်လုံးထဲတွင်တော့ အလွမ်းကြောင့် ဖြစ်တည်လာသော ခံစားချက်တို့ ဝေ့သီ တွဲလွဲခိုလျက်။ သို့သော် မိဘမသိအောင် ခိုးပြေးခြင်းဖြင့်တော့ မိမိ မိုက်ရူးရဲ မဆန်ချင်။ မိဘတွေခံစားရမှာကို မလိုလား ..….

ဒီနေ့နေ့လည်ကားနှင့် မင်းခန့် ခရီးသွားမည့်အကြောင်း သိထားသည်။ သို့သော် .. အိမ်က ခိုင်းသည့်ကိစ္စက မသွားမဖြစ်မို့ မနက်ကတည်းက သွားနေရသည်။ စိတ်ကတော့ မင်းခန့်ဆီမှာသာ။ နာရီလက်တံက တရွေ့ရွေ့ကုန် လာသည်နှင့်အမျှ နှင်းမှုန်စိတ်တွေ ထိန်းမရတော့။ မျက်ရည်များကလည်း အတားအဆီးမရှိ ကျလာနေပြီ။ နာရီလက်တံ ၁၁ နာရီကို ပြနေသည့်အခါတွင်တော့ အတူတူသွားနေသော သူငယ်ချင်းကို ပြောထားခဲ့ပြီး နှင်းမှုန်ကားငှားပြီး မင်းခန့် အိမ်သို့ ထွက်လာခဲ့တော့သည်။ သူ့အိမ်ကိုရောက်တော့ နေ့လည် ၁၂ ထိုးတော့မည်။ ကျောပိုးအိတ်တစ်လုံးလွယ် ထားပြီး လက်ထဲတွင် အထုတ်သေးတစ်ထုတ်ဖြင့် လှေကားပေါ်မှ ဆင်းလာသော မင်းခန့်နှင့် တည့်တည့်တိုးသည်။ နှင်းမှုန်ကို မြင်တော့ မျက်လုံးတွေ အရောင်လက်သွားပြီး ချက်ချင်းပင် မျက်နှာမကောင်းတော့။

“နှင်း .. ကို သွားတော့မယ် အစစ အရာရာ ဂရုစိုက်နော် .. ကို့ကို စိတ်ချနော် . ကို နှင်းကိုအမြဲလွမ်းနေမယ်။ ချစ်နေမယ် .. ”

“စိတ်ချပါ ကို .. ကို့ကိုလဲ နှင်းအရမ်းလွမ်းနေမှာပါ .. အရမ်းချစ်တယ် ကို …. နှင်းလေ .. နှင်း ကို့ကို မခွဲနိုင်ဘူး .. မခွဲချင်ဘူး ……….” ပြောနေရင်း ဖြင့် နှင်းမှုန် စကားသံတို့ ထွက်မလာတော့။ စို့တက်လာသော ၀မ်းနည်းခြင်း တို့က လည်ချောင်းထဲတွင် နင့်နေသည်။ အော် .. ချစ်လျက်နဲ့ ခွဲခွာရသည့်ခံစားချက် ဆိုးလှပါလား ….

နေ့နေ့ ညည ချစ်သူလေးကို လွမ်းလှသည်။ မတွေ့ရတော့မှ မင်းခန့် ရင်ထဲ ဘယ်လောက်ချစ်မိနေလဲ ပိုသိလာရသည်။ နေ့စဉ်နဲ့အမျှ မြင်တွေ့နေရသော မျက်နှာလေး အသံလေး နှင့် သူ့လှုပ်ရှားပုံအမူအရာတွေက တိုက်ဆိုင်တိုင်း ရင်ကို ရိုက်ခတ်လွန်းလှသည်။ ချစ်သူလေးကော အခုချိန် ဘယ်လိုများနေရှာပါလိမ့်။ ငယ်ရွယ်သူအတွက် ပိုဆိုးနေမည်လား။ ကိုယ့်အတွက် ပူလောင်ရ သူ့အတွက် ပူလောင်ရဖြင့် . မင်းခန့်ဖြစ်နိုင်လျှင် ပြန်သာ ပြေးလိုက်ချင်တော့သည်။

မင်းခန့်နေထိုင်ရာနေရာက ဖုန်းလိုင်းအဆက်အသွယ်မရောက်သေးသော နေရာတွင်ဖြစ်သဖြင့် ဖုန်းနေ့တိုင်းမဆက်နိုင်။ ဖုန်းဆက်ရန် မြို့ပေါ်သို့ သီးသန့်သွားရသည်။ သို့ပေမယ့်လည်း ကိုယ်တိုင်က ချစ်သူအသံကြားချင်နေ၍ သုံးရက်တစ်ခါ ဖုန်းဆက်ဖြစ်သည်။ ဖုန်းဆက်တိုင်းလဲ ချစ်ရသူ၏ အလွမ်းများဖြင့် စကားသံတို့ကြောင့် ၀မ်းနည်းဝမ်းသာ ဖြစ်ရသည်။ မခွဲစဖူး ခွဲရသောကြောင့် ရင်ထဲတွင် မချိတင်ကဲဖြင့် သူမစကားပြောတိုင်း ငိုသံတို့ စွက်လျက်။ ….

“ကို .. နှင်းအရမ်းလွမ်းတယ် … မခံစားနိုင်တော့ဘူး ကိုရယ် …”

“ ကို လည်း ဒီလိုပါပဲ နှင်းရယ် .. ကို ပြန်လာမှာပဲ  .. အဲကျမှ အတိုးချပြီး အလွမ်းဖြေကြမယ်နော် .. ကျန်းမာရေး ဂရုစိုက် .. ကို မရှိတဲ့အချိန် အ၀တ်အစားဝတ်တာ သတိထားနော် .. အတိုလေးတွေ မ၀တ်နဲ့ .. ကို့ချစ်သူ .. က ရိုးရိုးလေးနဲ့ အရမ်းချစ်စရာကောင်းနေတော့ စိတ်မချဘူး …. ကို . နှင်းကို အမြဲချစ်နေမယ်နော် .. ”

“စိတ်ချပါ .. ကို လဲ ဂရုစိုက်နော် .. အရက်တွေ မသောက်နဲ့နော် .. နှင်း အရက်သောက်တာ တော့ မကြိုက်ဘူး”

“အင်းပါ .. ကို မသောက်ပါဘူး … ဒါဆို ဖုန်းချတော့မယ်နော် .. ကို့ကို ဘာပြောဦးမလဲ”

“ အရမ်းချစ်တယ် ကို .. ”

 

အခန်း (၅)

 

အလွမ်းများဖြင့် နေရသော ရက်တို့ ကုန်ဆုံးသည့် နေ့။ ဒီနေ့ ချစ်ရတဲ့ နှင်းမှုန်ကို တွေ့ရတော့မည်။ အံ့သြ၀မ်းသာ စေချင်၍ ရန်ကုန်ကို ပြန်လာမည့်ရက်ကို ပြောမထား။ အိမ်ပေါ်တွင် အိတ်ချပြီးသည်နှင့် ချစ်သူထံ ဖုန်းဆက်ပြီး ရောက်နေကြောင်း ပြောတော့ သူမ အရမ်းဝမ်းသာသွားသည်။ ကြိုမပြောသဖြင့် စူကောက်ချင်သေးသည်။ သို့သော် အပျော်များက စိတ်ဆိုးခြင်းကို အနိုင်ယူသွားသဖြင့် ခဏနေရင် တွေ့ကြဖို့ ချိန်းပြီး မင်းခန့်ထွက်လာခဲ့သည်။ အတွေးထဲတွင် ပျော်နေသဖြင့် မင်းခန့် ကားလာတာကို မမြင်ဘဲ လမ်းဖြတ်ကူးမိသည်။ ….

“ကျွီ …………. ဒိုင်း … ”

တော်သေးသည်။ ကားက အရှိန်မပြင်းသဖြင့် ပြန်ပြုတ်ကျသည့် ဒဏ်ဖြင့် ခေါင်းအနည်းငယ်ကွဲသွားရုံသာ။ သို့သော် ကားမောင်းသည့်သူက ဆေးရုံလိုက်ပို့သဖြင့် ဆေးရုံတွင် ဆေးစည်းပြီး လိုအပ်သည်များကို စစ်ဆေးထားခဲ့သည်။ ပြီးလျှင် မြန်မြန်သွားမှ .. ချစ်သူလေး စိတ်ပူနေတော့မည်။

ထင်သည့်အတိုင်းပင် ချိန်းထားသည့်နေရာသို့ရောက်သောအခါ နှင်းမှုန် စိတ်ကောက်နေသည်။ သူ့ကို ပတ်တီးအဖွေး သားဖြင့် မြင်မှဖြစ်ကြောင်းကုန်စင် ရှင်းပြပြီး ချော့ရသည်။ ချစ်သူနှစ်ယောက် ပျော်ရွှင်ခြင်းတွင် အလွမ်းများ ရောမွှန်းသီလျက် ….

နောက်တစ်နေ့ ဆေးခန်းက ပြန်လာတော့ မင်းခန့် အရက်တွေ မူးနေသည်။ နှင်းမှုန်နှင့် ချိန်းထားရာဆီသို့ ရောက်သောအခါ နှင်းမှုန် စိတ်ဆိုးပါတော့သည်။ မကြိုက်ပါဘူး ဆိုတာကို လုပ်လာသဖြင့် ချော့လို့မရတော့။ မတတ်နိုင် မင်းခန့် သောက်ချင်လို့ သောက်လာခြင်းအတွက်လဲ ကြာကြာမချော့ချင်တော့။ ခေါင်းတွေ ချာချာလည်ကာ မူးနေတာပဲ သိသည်။ “အိမ်ပြန်အိပ်တော့မည်” ဟု သာ ပြောပြီး ပြန်လာခဲ့သည်။ အိမ်ရောက်တော့ မူးမူးနှင့်ပင် နှင်းမှုန်ကို အရမ်းသတိရနေသည်။ ရင်ထဲတွင်လည်း အလွမ်းများ နာကျင်မှုများဖြင့် ပြည့်လျက်။   

ဘယ်လိုဖြစ်သည်မသိ။ အလုပ်အဆင်မပြေဘူး ဆိုကာ မင်းခန့် နေ့တိုင်းလိုလို အရက်တွေ မူးနေတော့သည်။ ပြောလို့လဲ မရ။ ခြောက်လို့မရ။ စိတ်ဆိုးပြလို့လဲ မရ။ နှင်းမှုန်ကိုယ်တိုင်ကလည်း မင်းခန့်ကို ကြာကြာစိတ်မဆိုးနိုင်တော့ စိတ်ဆိုးလိုက်၊ မိမိဘာသာ ပြေလိုက်ဖြင့် လုံးချာလည် လိုက်နေသည်။ ချိန်းထားသည့်အချိန် သွားတိုင်း မလာသဖြင့် အိမ်ကိုဖုန်းဆက်ခေါ်သည်။ မူးလို့ အိပ်နေပြီ ဟု သာ ပြောသံကြားရသည်။ ဒီအဖြစ်မျိုးကို နှင်းမှုန် မျှော်လင့်မထား။ ချစ်သူ ပြန်လာလျှင် ဘယ်လိုလေး လျှောက်သွားမည်။ စကားတွေပြောမည်။ လွမ်းနေရတဲ့ ရက်တွေအတွက် အတိုးချချစ်မည် ဟု တွေးထားသမျှ အကုန်သဲထဲရေသွန်သလို။

တဖြည်းဖြည်း သည်းမခံနိုင်တော့။ နှင်းမှုန် ပေါက်ကွဲတော့သည်။ သူ့ကို တန်ဖိုးမထားသော၊ သူတို့ နှစ်ယောက် ဘ၀အတွက် ဘာမှရည်မှန်းချက် မရှိသော၊ မိမိက ချစ်ရပါလျက်နှင့် မိမိကို မညှာတာ မထောက်ထားသော မင်းခန့်ကို စိတ်နာလာသည်။ မင်းခန့်ရှေ့တွင် လက်သီးနှင့် နံရံကိုထိုးကာ အကြမ်းနည်း ပြောသည်။ နှင်းမှုန်လက်ကို အတင်းလိုက်ဖမ်းချုပ် ထားပြီး မလုပ်ပါရန် တောင်းပန်စကားပြောသည်က လွဲလို့ မသောက်တော့ပါ ဆိုသည့် ကတိမပေးနိုင်။ အဘယ်ကြောင့်နည်း။ အဘယ့်ကြောင့်နည်း။ ဒီအဖြေကို နှင်းမှုန် မစဉ်းစားတတ်တော့။ သူ .. နှင်းမှုန်ကို မချစ်တော့၍ များလား .. စဉ်းစားကြည့်တော့ လည်း မဟုတ်ဘူးဆိုတာ သိနေသည်။ ဒီလိုပုံဖြင့်တော့ နှင်းမှုန်နှင့် သူ … ခရီးဆက်ဖို့ ဝေးတော့မည်။

 

အပိုင်း (၆)

 

ရင်ထဲက နာကျည်းချက်က လေတိုက်တိုင်း ရုန်းကြွနေပေမယ့်

မထင်မှတ်တဲ့ အသက်ရှုမိချိန်မှာ (တိတ်တိတ်လေးအသံမပေးဘဲနဲ့)

မင်းကိုချစ်တဲ့စိတ်က ခြောက်လှန့်ပြန်တယ်

 

ပြက္ခဒိန်မှာ ပြနေသည်က ဖေဖော်ဝါရီ (၁၄) ရက်၊ ချစ်သူများနေ့။ မနေ့ညကတည်းက ချစ်သူများနေ့မှာ လျှောက်လည် ဖို့၊ ချစ်သူနဲ့တူတူသွားဖို့ တွေးရင်း အပျော်များဖြင့် အိပ်မရခဲ့။ ဒီနေ့မနက်လဲ အစောကြီးနိုးနေခဲ့သည်။ ညဘက် ဖုန်းဆက်ကာ မင်းခန့်နှင့် အပြင်လျှောက်လည်ရန် ချိန်းထားခဲ့ပြီ ဖြစ်လို့ အိပ်မရသည့်အတူတူ စောစောထ ဘုရားရှိခိုးပြီးနောက် ရေချိုးအလှပြင်ကာ ချိန်းထားသည့် ကားမှတ်တိုင်သို့ ထွက်လာခဲ့သည်။ ချစ်သူသက်တမ်း နှစ်နှစ်ကျော်ခဲ့ပြီ ဖြစ်သော်လည်း နယ်တွင်အလုပ်လုပ်နေသည့် အတွက် “ချစ်သူများနေ့” များကို တစ်ယောက်တည်းသာ ဖြတ်သန်းခဲ့ရသည်။ ယခုနှစ်တော့ သူများစုံတွဲလေးများလို နေရာအနှံ့လက်တွဲလျှောက်ကာ ပျော်ရွှင်ခွင့်ရတော့မည်ဖြစ်သည်။ ဖုန်းဖြင့် အချိန်သေချာချိန်းကာ မှာထားခဲ့သည်။ ဒီတစ်ရက် တော့ မိမိအလိုဆန္ဒကို လိုက်လျောပေးပါ ဟူ၍။ မိမိဘက်ကလည်း အရင်လို နောက်မကျစေရန် ခပ်သုတ်သုတ် လမ်းလျှောက် လာခဲ့သည်။ ချိန်းဆိုထားသည့်အချိန်က မနက် ကိုးနာရီခွဲ၊ လှည်းတန်း မာလာမှတ်တိုင်။

နာရီလက်တံက ၁၀ နာရီခွဲသို့ ညွှန်ပြနေသော်လည်း မင်းခန့်ရောက်မလာသေးပေ။ လက်ထဲတွင် ကိုင်ထားသော လက်ဆောင်ပစ္စည်းများကိုသာ စိတ်ရှိလက်ရှိ ကိုင်ပေါက်ပစ်ချင်မိတော့သည်။ အစပိုင်းတော့ ကိုယ့်ချစ်သူ လမ်းမှာတခုခုဖြစ်နေ မလား ဟု စိုးရိမ်စိတ်များ ၀င်နေသော်လည်း ယခင်အခေါက်များလိုပင် မင်းခန့်ဦးတည်ရာ လမ်းကြောင်းမှာ မိမိနှင့်ချိန်းထားသည့် နေရာသို့ မဟုတ်ဘဲ သောက်နေကျဆိုင်ရှိရာကိုများ ဖြစ်နေခဲ့လျှင် ဟူသော အတွေးက ရင်ကိုနှိပ်စက်လွန်းလှသည်။ မတတ်နိုင်တော့ လမ်းဘေးရှိ ဆက်သွယ်ရေးဖုန်းမှ မင်းခန့် အိမ်သို့ ခေါ်လိုက်တော့သည်။

ထင်သည့်အတိုင်းပင်။ မင်းခန့်ညီလေး ဖုန်းလာကိုင်ပြီး သူ့အကို အိပ်နေကြောင်းပြောသည်။ ဒီအချိန်မျိုး အိပ်နေပါက သေချာသည်။ သူ မနက်အစောတည်းမှ သောက်ပြီးပြန်လာကာ မူးပြီးအိပ်နေခြင်းပင်။ မျက်ရည်များ အဆီးအတားမရှိ ကျလာသည်။ နှင်းမှုန်အတွက် သည်းခံနိုင်စွမ်းကုန်ခဲ့ပြီလား။ အခြားစုံတွဲများအတွက် “ချစ်သူများနေ့” မှာ နှင်းမှုန်အတွက်တော့ ချစ်သူပျောက်သောနေ့ ဖြစ်ခဲ့ရတော့သည်။

 

“ရှင့်ကို သိပ်မုန်းတယ် .. မုန်းတယ် … … ကျွန်မ အချစ်ကို စော်ကားတဲ့သူ .. တန်ဖိုးမထားတဲ့သူ … ချစ်သူထက် အဲဒီအရက်ကို ဦးစားပေးတဲ့သူ .. ချစ်သူမရှိရင် နေလို့ရတယ် .. အဲ အရက်မရှိရင် မနေနိုင်ဘူး မလား … နေခဲ့တော့ .. ရှင့်အရက်နဲ့ပဲ နေခဲ့တော့ ……………. ရှင့်ကို စိတ်နာတယ်……………………”

 

စိတ်တိုင်းကျ အော်ဟစ်ထုရိုက်နေသည်ကို မတုန်မလှုပ် ကျောက်ရုပ်လိုပဲ … တစ်ခွန်းမှ ပြန်မပြော၊ တုံဏိဘာဝေ။ တားလဲမတား ရှင်းလဲမပြ။ အံတင်းတင်းကြိတ်လျက် နီမြန်းနေသော မျက်လုံးများမှ မျက်ရည်ဝေ့လျက် စိုက်ကြည့်ကာနေ နေသည်။ နှင်းမှုန်မှာ မင်းခန့် ဆီမှ တုန့်ပြန်စကားမပြောလေ စိတ်တိုလေဖြစ်ကာ ပြောချင်တာပြောကာ ထွက်လာခဲ့တော့သည်။

လမ်းလျှောက်လာရင်း မျက်ရည်တွေသာ သွင်သွင်ကျရင်း ဘာလုပ်ရမှန်းမသိတော့။ ကိုယ်ပြောချင်တာတွေ ပြောခဲ့ပြီး သူ ဘယ်လိုဖြစ်ကျန်ခဲ့လဲ မသိတော့။ သိလဲ မသိလိုတော့ပါလေ။ မိမိက ချစ်ရသလောက် သူ့ဘက်ကတုန့်ပြန်မှုတွေ ပြန်မရတဲ့အခါ အချစ်ကြီးလို့ အမျက်ကြီးတယ်ဆိုမလား။ ချစ်သူအပေါ် ဤမျှဥပက္ခာပြုလွန်းသောသူကိုလည်း မတွေ့ချင်တော့။ တွေ့လည်းမတွေ့လိုတော့။ သို့သော်လည်း မေ့မည်ဆိုမှ သတိပိုရနေသလား။ နှင်းမှုန်ကို သိပ်ချစ်မှန်းလည်း သိပါသည်။ သူ့မျက်ဝန်းတွင်လည်း နှင်းမှုန်ဆန္ဒကို ဖြည့်ဆည်းလိုသော အကြည့်များ။ သို့သော် ထိုနောက်ကွယ်တွင် တစ်ခုခုကိန်းဝပ်နေ သလား။ မတွေးတတ်။ အသနားခံနေသလို။ တစ်ခုခုပြောချင်နေသလို။ ဘာ ပြောချင်နေမှန်း မဝေခွဲတတ်။ ယခုတော့ နှင်းမှုန် စိတ်ထဲ ၀မ်းနည်းတာ၊ ယူကြုံးမရတာတစ်ခုပဲ သိတော့သည်။ ဟုတ်သည်။ ပေးဆပ်ရမှုတွေနှင့် ဆန့်ကျင်စွာ အချစ်ရဲ့ဥပက္ခာ ပြုမှုက ဆိုးလှသည် မဟုတ်ပါလား။ အတွေးတို့ဖြင့် သတိမမူမိဘဲ လမ်းဖြတ်အကူး ………

“ကျွီ !!!!!!!!!!!!!!!!!” “ဒုန်း” …  ဆိုသည့်အသံနှင့်အတူ … ခန္ဓာကိုယ်မြောက်တက်သွားသည်သာ သိလိုက်ပြီး လောကကြီးနှင့် အဆက်ပြတ်သွားခဲ့သည်။

 

အပိုင်း (၇)


“မသောက်ဘူး အိမ်မှာပဲ နေမယ် .. မသောက်ဘူး အိမ်မှာပဲ နေမယ် …. မသောက်ဘူး အိမ်မှာပဲ နေမယ်” ….

တခြားစကားကို မဆို ..ထို တစ်ခွန်းတည်းသာ ပြောလျက် မျက်ရည်တွေ ဝေ့နေသော မင်းခန့်ကို မြင်ရတာ .တာဝန်ကျ သူနာပြု တို့ ရင်ထဲမကောင်းလှပါ။ သူ့ချစ်သူ ငွေနှင်းမှုန် မျက်စိရှေ့တွင် ကားတိုက်ခံလိုက်ရတာကိုသာ မြင်လိုက်ရပြီး သူကိုယ်တိုင်လဲ ထိုနေရာတွင်ပင် မေ့လဲသွားခဲ့သည်။ သတိပြန်ရလာတော့ တခြားဘာမှမသိတော့။ ဘာမှလည်း မေးမရတော့။ စကားတစ်ခွန်းတည်းသာ ဆိုလျက် ယဉ်ယဉ်လေး စိတ်ဖောက်ပြန်သွားသည်။ ထို့အပြင် သူ့တွင် အေအိုင်ဒီအက်စ် ရောဂါပိုး ကူးစက်ခံထားရကြောင်း ဆေးစစ်ချက်တွင် အဖြေထွက်ထားပြန်သည်။

တကယ်တော့ နယ်တွင် အလုပ်လုပ်ရင်း နေမကောင်းအသည်းအသန်ဖြစ်၍ သွေးသွင်းမိသည်မှ ထိုရောဂါပိုး ကူးစက်ခံရခြင်းဖြစ်သည်။ ကားတိုက်ခံရသဖြင့် ဆေးစစ်ကြည့်စဉ်ကမှ အဖြေကို သူကိုယ်တိုင်သိသွားသည့်အခါ ချစ်သူကို ဖွင့်မပြောရက၊် ဤအခြေအနေဖြင့်လည်း ချစ်သူကို မပိုင်ဆိုင်ရက်တော့ပေ။ မိမိတစ်ယောက်သာ ဒီရောဂါဆိုးကို အဖြစ်ခံမည်။ ချစ်သူကို ပေးမသိစေရ။ ၀မ်းမနည်းစေရ ဟူသော အတွေးဖြင့် အရက်တွေ ဖိသောက်ရင်း ချစ်သူအထင်လွဲအောင် အမျိုးမျိုးဖန်တီးရင်း နောက်ဆုံး နှင်းမှုန်အထင်လွဲကာ သူ့ကို အမုန်းစကားဆိုပြီး ထွက်သွားခဲ့သည်။ ထို့နောက်တွင်တော့ မျက်စိရှေ့တွင်ပင် နှင်းမှုန်ကားတိုက်ခံလိုက်ရပြီး သူကိုယ်တိုင် မှာမူ ထိုအဖြစ်ကြောင့် ဘာဆိုဘာမှမသိတော့သည့် ဘ၀ ရောက်သွားခဲ့သည်။ အခြားဝေဒနာသည်များလို မသောင်းကျန်း၊ တစ်ယောက်တည်း စာတွေ ထိုင်ရေးနေကာ တခါတရံ နာမည်တခုခုကို ရွတ်ပြီး စကားတွေပြောတတ်သည်။ တိုးတိုးလေး ပြောတတ်သည်မို့ ဘာပြောနေသည်ကို သေချာမသိရသော် လည်း ထိုအချိန်တွင် တွေ့ရတတ်သော အပြုံးတစ်ဝက်မျက်နှာ ကြောင့် သူ့ချစ်သူကိုစကားပြော နေသည်လား။ မင်းခန့်၏ လက်ရှိစိတ်တွင် နှင်းမှုန် တစ်ယောက်ပင် ရှိနေခြင်း များလား ။

နှင်းမှုန်ကတော့ မသိ။ မိမိ၏အချစ်များအားလုံး ပေးထားပြီး လက်ထပ်ဖို့ ရည်ရွယ်ချစ်ခဲ့ပါလျက်နှင့် မိမိကို တန်ဖိုးမထားသော ချစ်သူကို စိတ်အနာကြီး နာနေသည်။ ဘယ်ကံကြမ္မာက ကြည်စား၍ ဒီလိုအဖြစ်မျိုးဖြစ်ရပါလိမ့်။ သူမ မတွေးတတ်တော့။ အချစ်ကြီးသဖြင့် ရင်ထဲတွင် နာကျင်မှုကလည်း များသည်။ မိန်းကလေးဖြစ်ပေမယ့် အချစ်နှင့် သစ္စာတရား ကိုဘောင်ခတ်ကာ၊ နားလည်မှုတွေနှင့် တဘ၀လုံးစာ ချစ်သူတစ်ယောက် ထားခဲ့သည် မဟုတ်ပါလား။

ချစ်သူနှစ်ဦးရဲ့ ကံကြမ္မာကား ဆိုးရွားလှတော့သည်။ တစ်ယောက်က ဆေးရုံတွင် နှစ်လကြာမေ့မြောပြီး မင်းခန့် အကြောင်း သတင်းမသိရသလို မင်းခန့်မှာလည်း နှင်းမှုန်အသက်ရှင်နေသေးသည်ကို မသိနိုင်တော့ .. သို့သော် နှစ်ယောက်လုံး ၏ နှလုံးသားထဲက အချစ်များကမူ ပျောက်ပျက်မသွားပါချေ ။။ အသက်ရှင်နေသရွေ့၊ နှလုံးခုန်သံမရပ်သရွေ့ ဆက်လက်တည် နေမည်သာ …

အကယ်၍များ .. နှင်းမှုန် က အဖြစ်မှန်များကို နောင်တွင် သိရှိသွားသလို … မင်းခန့်၏စိတ်များ ပုံမှန်ပြန်ဖြစ် သွားပါက…… ချစ်ခြင်းဖြင့် တည်ဆောက်သော သူတို့ကမ္ဘာလေး လှပခွင့် ရနိုင်ဦးလေမလား …. ဆိုသည်မှာတော့ …

 

အားပေးမှုကို ကျေးဇူးတင်လျက်

ဆင်ပြေပါစေ ရာရာ!

 

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -