Posted by : လက်တွဲဖော် Saturday, January 28, 2012

တရိပ်ရိပ်တက်လာတဲ့ ရက်၊ လ၊ နှစ်တွေထဲမှာ ငါ့သစ္စာတရားဟာ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ခဲ့ပြီ။ နှလုံးသားက အထိအခိုက်များလွန်းတော့ အနာဖေးက အခုထိမတက်သေးဘူး။ အလွမ်းက ဖွဲမီးလို လေတိုက်တိုင်း ထထတောက်တယ်။ မင်းက လွယ်လွယ်နဲ့ လွှင့်ပစ်လိုက်ရအောင် ငါ့အချစ်က ကြုံရာကျပန်း ပွင့်လာတာ မဟုတ်ဘူး ရေကြည်ရာ မြက်နုရာ အစာရှာခဲ့တာလည်း မဟုတ်ဘူး လက်လွတ်စပယ် ပြောထွက်ခဲ့တာလည်း မဟုတ်ဘူး။ ဘာပဲပြောပြော . . . အခု ငါတို့ တယုတယစိုက်ပျိုးခဲ့တဲ့ သစ်ပင် အမြစ်ကနေ ကျွတ်ထွက်သွားပြီ။ “ ပြေရာပြေကြောင်း ” ဆိုတဲ့စကားလုံးကို မင်းအခုထိ မစဉ်းစားမိဘူးလား။ အစွပ်အစွဲတွေနဲ့  နေ၀င်သွားရတဲ့ ငါ့ကမ္ဘာ . . . ဘာသာစကားနဲ့  ပစ်ခတ်ခဲ့တဲ့စစ်ပွဲမှာ ငါ့အစွဲအလမ်းကို မင်းက ကြိုးစင်တင်တယ်။ မင်းက ဘယ်လောက် ခုတ်ချ ခုတ်ချ ငါ့စိတ်ရထားက ဒီဘူတာကနေကို မခွာနိုင်ခဲ့။ ငါက ရိုးရှင်းလွန်းတော့ ရူးရူးနှမ်းနှမ်းချစ်ခဲ့မိတာ ငါ့အမှားတွေလား။ ငါက ခိုင်မြဲခြင်းတရားကို ဘုရားမှာ အာရုံပြုတယ်။ မင်းက မတည်မြဲခြင်းတရားကို ဘုရားမှာ ဆုပန်တယ်။ ငါက နှစ်ပါးသွားကတာကိုမှ ကြည့်ချင်တယ်။ မင်းက တစ်ခန်းရပ်ပြဇာတ်ကိုမှ ကြိုက်ချင်တယ်။ ငါက အပြစ်ကို အချစ်လို့ မြင်တယ်။ မင်းက အချစ်ကို အပြစ်လို့ မြင်တယ်။ “ ဆိုခဲစေမြဲစေ ” ဆိုတာ ငါ့အတွက် မဟုတ်ဘူးလို့  မင်းက ခဏခဏပြောတယ်။ ပြောခဲ့တဲ့အတိုင်းပဲ ငါ့အနားမှာ မင်းအရိပ်မရှိတော့ဘူး။ ငါက တစ်ဆိတ်ကို တစ်အိတ်လုပ်ပြီး ခံစားနေတာမဟုတ်ဘူး။ တစ်အိတ်ကို တစ်ဆိတ်လုပ်လို့ လည်း မရတော့ဘူး။ ဖြစ်ခဲ့တာက ဖြစ်ပြီးသွားပြီ . . . ပျက်ခဲ့တာက ပျက်ပြီးသွားပြီ။ အခု မင်းက ငါ့ကို အသွားအလာ မလုပ်တော့ဘူး။ အဖျားနဲ့ ရိုက်ချခဲ့ပေမယ့် အရင်းအထိကျိုးတယ် . . . အတွင်းထဲထိ လှိုက်စားတယ်။ အခု ငါရေးနေတဲ့ ဘောပင်က မှင်မလိုက်မှတော့ အောက်မေ့လွမ်းဆွတ်နေလည်း ငါ့ဇာတာနဲ့ ငါပဲ . . . ငါ့ဗျာဒိတ်နဲ့ ငါပဲ . . . ငါ့ကုသိုလ်နဲ့ ငါပဲ။ ထုတ်ချင်းပေါက်အောင် မင်းကပစ်ချလိုက်တော့ ငါ့မှာ အရိုးရောအသားရော မကျန်တော့ဘူး။ မင်းရဲ့  အချစ်တွေ မီးတောက်ပျောက်သွားတာနဲ့  ငါ့အလွမ်းက အငွေ့ အူထွက်လာတော့တာပဲ။ ငါ့အချစ်က ခုနစ်ဆွေးရှစ်ဆွေးနေလည်း အရောင်မပြယ်ဘူး။ မင်းအချစ်က တစ်ခုခုထိတာနဲ့ ပဲ့ကျတယ်။ ငါ့အလွမ်းက ညို့ ညို့ တက်လာတော့ အကဲပိုတယ်လို့ ပြောလည်း ငါပဲခံရမှာပဲ။ ငါက မင်းဘက်ကနေ ဆယ်ချက်လောက် ပြန်ကြည့်တယ်။ မင်းက ငါ့ဘက်ကို တစ်ချက်မှ ပြန်မကြည့်ဘူး။ အနာအဆာကို အမြဲတမ်းရှာတယ်။ အဆိပ်အတောက်ကို မီးလင်းဖိုလိုမွှေးတယ်။ ငါ့အချစ်က ကြည်လင်ပြတ်သားလွန်းနေတော့ မင်းက မမြင်တော့ဘူး။ ငါ့အချစ်က စိမ့်ချမ်းအေးမြနေပေမယ့် မင်းက မလန်းတော့ဘူး။ ဒီအစွဲကို ငါက ဘယ်ဝဋ်နာ၊ ကံနာနဲ့ ချွတ်ရမှာလဲ။ ကမ္ဘာကပ်က ငါ့တစ်ယောက်ထဲမှာပဲ ဆိုက်တယ်။ ငါက အရည်အချင်းကိုပဲ တန်ဖိုးထားနေချိန် အခု မင်းက အရေအတွက်များဖို့ ကိုပဲ စဉ်းစားနေတယ်။ ဘယ်သို့ ပဲဖြစ်ဖြစ်ပါ ကောင်မလေးရယ် . . . ဖလင်က ပျက်သွားပြီဆိုမှတော့ ဒီရုပ်ရှင်လည်း ပြန်မကြည့်ချင်တော့ပါဘူး။ င့ါ အိနြေ္ဒနဲ့ ငါပဲ ရှိပါစေတော့။ ငါ့အမှောင်နဲ့ ငါပဲ လင်းပါစေတော့။ ပျော်ရွှင်ခြင်းကို ခါးစည်းပုဝါလို မြဲမြဲစည်းလို့  ငါ့အဝေးမှာ မင်းကုသိုလ်ယူပါ။ ငါ၏ သတိတရရှိခြင်းများစွာကို မင်းပွဲတော်တည် စားသုံးပါ။ သံသရာကို ငါ့မေတ္တာတရားနဲ့  အနှောင့်အယှက်ကင်းစွာ လည်ပတ်ပါ။ မင်းရဲ့  မနက်ဖြန်တိုင်းမှာ ပွင့်သော ပန်းတိုင်းအဆင်း၊ ရနံြ့ပည့်စုံပါစေ။ မင်းခန္ဓာရဲ့  သွေးလှည့်ပတ်မှုအကြိမ်တိုင်းမှာ အစွန်းအထင်းကင်းပါစေလို့  ငါ ဆုတောင်းရင်း . . . ငါ၏ အစွဲအလမ်း မကင်းသော ပြတ်စာ ကို အယုတ်၊ အလတ်၊ အမြတ်လို့  မင်းမရွေးဘဲ ဖတ်ပါ။

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -