Posted by : လက်တွဲဖော် Monday, August 6, 2012


တခါက ၁၀တန်းကျောင်းသား ကောင်လေးတစ်ယောက် ရှိတယ်။ သူက မနက်ဆို ကျောင်းသွား၊နေ့လည်ဆို ကျူရှင် တက် ညနေလောက်မှ အိမ်ပြန်ရတယ်။ ဒီလိုနဲ့ တစ်ည သူကျူရှင်ကအပြန် လမ်းထိပ်မှာ ကောင်မလေးတစ်ယောက်ကို တွေ့တယ်။ ကောင်မလေးက ဘယ်သူမှန်းလဲမသိဘူး။ ဗာဒံပင်အောက်က အုတ်ခုံလေးမှာ ထိုင်နေတာ။ ညဘက်ကြီး မိန်းကလေးတစ်ယောက်ထဲ ထိုင်နေတာ ထူးတော့ထူးဆန်းတယ်။ ဒါပေမဲ့ မသိတော့ ကောင်လေးလဲဂရုမစိုက်ဘဲ လမ်းထဲဆက်ဝင်လာလိုက်တယ်။ ဒါပေမဲ့ ကောင်မလေးက သူ့ကိုလှမ်းခေါ်တော့ ကြောင်သွားတယ်။ ကောင်မလေးက သူ့အနားလာပြီး ပြောတယ်။ "နင်ငါ့ကို တစ်ခုကူညီပါလား” “ငါဗိုက်အရမ်းဆာနေလို့” ကောင်လေးက ကောင်မလေးကိုတစ်ချက်အကဲခတ်ကြည့်တော့ ပုံစံက သန့်သန့်နဲ့ခပ်ချောချောလေး အသက်ကလည်း ရွယ် တူလောက်ဆိုတော့ ရှိန်းတိန်းတိန်း ဖြစ်သွားတယ်။ နောက်တော့မှ တဏှာမပါတဲ့ စိတ်နဲ့ ကူညီလိုက်မယ်လို့ စဉ်းစားပြီး ပိုက်ဆံအိတ် ထဲက ၅၀၀ တန်တစ်ရွက် ကိုထုတ်ပေး လိုက်တယ်။ ကောင်မလေးက မယူဘဲနေလို့ ရှက်နေတယ်ထင်တာနဲ့ အတင်းပေးတော့ ကောင်မလေးက ပြောတယ်။ “ငါ့ကို ၀ယ်ပေးပါလား” ကောင်လေးလဲ ရုတ်တရက်ဆိုတော့ ကြောင်သွားတယ်။ နောက်မှ မထူးပါဘူးလေဆိုပြီး ပေါင်မုန့် နဲ့ အအေး သွားဝယ်ပေးရတာပေါ့။ ကောင်မလေးက ၀မ်းသာသွား ရှာတယ်။ ပြီးတော့ တခြားလူတွေလို ဆုတွေမတောင်းပေးဘဲ ကျေးဇူးတင်တဲ့ အနေနဲ့ တစ်ချက်ပြုံးပြလိုက်တယ်။ အဲဒါနဲ့ ကောင်လေး အိမ်ပြန်လာလိုက်တယ်။ အိမ်ရောက်တော့လဲ အဲဒီအကြောင်းဘဲ တွေးနေမိပြန်ရော။ နောက်နေ့ ညကျတော့လဲ ကောင်မလေးက အဲဒီနေရာမှာဘဲ ရှိနေတယ်။ ကောင်လေးကိုမြင်တော့ လှမ်းခေါ်တယ်။ ကောင်လေးလဲ ညဘက်ကြီး မိန်းကလေးတစ်ယောက်ထဲ ၂ရက်ဆက်တိုက် ရှိနေတော့ နည်းနည်းစိတ်ဝင်စားတာနဲ့ ကောင်မလေးဘေးမှာသွားထိုင်လိုက်တယ်။ ပြီးတော့မေးလိုက်တယ်။ “မိုးချုပ်နေပြီဘာဖြစ်လို့ တစ်ယောက်တည်း ထိုင်နေတာလဲ။ အိမ်မပြန်ဘူးလား။ဘယ်မှာနေတာလဲ” အဲတော့ ကောင်မလေးက ဒါသူနေတဲ့အိမ် ပါဆိုပြီး အုတ်ခုံကိုပုတ်ပြတယ်။ ကောင်လေးက ဒီကောင်မလေး ငါ့မယုံလို့လား ပေါ့။ အဲဒါနဲ့ သူ့ကိုသူမိတ်ဆက်တယ်။ ဘယ်မှာနေပါတယ်။ ဘာညာပေါ့။ ကောင်မလေးက ဘာမှပြန်မပြောဘူး။ နောက်နေ့ညကျပြန်တော့ ကောင်မလေးရှိမယ်ဆိုပြီးလာတော့ ကောင်မလေးမရှိဘူး။ အဲဒါနဲ့ အိမ်ကိုပဲ တန်းပြန်လိုက်တယ်။ နောက်တစ်ရက်ကျတော့ ကောင်မလေးရှိနေတယ်။ ဒါနဲ့ မနေ့ကနင်ဘာလို့မလာတာလဲဆိုတော့ ကောင်မလေးက ငါဒီမှာပဲရှိပါတယ် တဲ့။ နင်မတွေ့တာနေမှာတဲ့။ ဒါနဲ့ ကောင်လေးလဲ ဘာမှဆက်မပြောတော့ဘူး။ ဒီလိုနဲ့ တစ်ပတ်လောက်ကြာလာတယ်။ တစ်ပတ်ကနေ တစ်လ ၊ နှစ်လ ၊ သုံးလ လောက်ရှိတော့ သူတို့ နှစ်ယောက် တော်တော်ခင်နေကြပြီ။ ကောင်လေးက ကျူရှင်အပြန်ဆိုကောင်မလေးနဲ့ စကားပြောနေကျ။ ကျူရှင်မရှိတဲ့နေ့ တွေမှာတောင် လမ်းထိပ်ထွက်ပြီး ကောင်မလေးနဲ့ စကားပြောဖြစ်တယ်။ ကောင်လေးကကြာတော့ ကောင်မလေးကို ကြိတ်ခိုက် လာပါလေရော။ ဒါပေမဲ့ ကောင်မလေးက နာမည်ကလွဲပြီး ဘာမှမေးမရတော့ အခက်ကြုံနေရတယ်။နောက်ဆုံးကျ ကောင်လေးလဲ သည်းမခံနိုင်တော့တာနဲ့ ဖွင့်ပြောလိုက်တယ်။ ကောင်မလေးအပေါ်ထားတဲ့ သူ့ခံစားချက်တွေကိုပေါ့။ အဲတော့ ကောင်မလေးကမေးတယ်။ “နင်ငါ့အကြောင်းကိုဘယ်လောက်သိလို့လဲ” ကောင်လေးက “နင့် အကြောင်းတွေ ငါမသိပေမဲ့ နင့် အပေါ်ထားတဲ့ ငါ့သံယောဇဉ်တွေကတော့ မပြောင်းလဲပါဘူး။” တဲ့ ကောင်မလေးက ဘာမှပြန်မပြောဘူး။ ကောင်လေးကသူ့ကို စဉ်းစားပေးပါ ဆိုပြီးပြန်သွားတယ်။ အဲဒီနောက်ပိုင်း ကောင်လေး စာမေးပွဲရှိတာနဲ့ ကောင်မလေးဆီမရောက်ဖြစ်ဘူး။ ကောင်မလေး စဉ်းစားဖို့ အချိန်ပေးသင့်တယ်လဲ ထင်လို့ပေါ့။စာမေးပွဲလဲပြီးရော ကောင်မလေးဆီ တန်းသွားတော့တာပဲ။ ကောင်မလေးကိုလဲ စဉ်းစားပြီးပြီလားပေါ့။ သူ့ကိုအဖြေပေးဖို့ပြောတယ်။ ကောင်မလေးအပေါ်သူ့ခံစားချက်တွေကိုဒုတိယအကြိမ် ပြောတယ်။ ကောင်မလေးက နင်ဟိုတခါကလဲဒါတွေပဲပြောတယ်။ နင် ဒါတွေပဲတတ်တလားမေးတာပေါ့။ အဲဒီတော့ ကောင်လေးက ”နင့်အပေါ်ထားတဲ့ ငါ့ခံစားချက်တွေက အရင်ကလဲဒီအတိုင်းပဲ အခုလဲအဲဒီအတိုင်းပဲ။ ဒါကြောင့် အရင်ကအကြောင်းတွေပဲထပ်ပြောတာပါ” လို့ ပြောတယ်။ ကောင်မလေးက ကောင်လေးကိုငေးကြည့်နေတယ်။ ပြီးမှ သက်ပြင်းရှည်ကြီးချပြီး မှ ကောင်လေးကို စကားစပြောတယ်။ “မနက်ဖြန် နင်လာဖြစ်အောင်လာခဲ့။ ငါနင့်အပေါ်ထားတဲ့ ခံစားချက်ကိုလဲပြောပြမယ်။ နင်သိပ်သိချင်တဲ့ ငါ့အကြောင်းတွေလဲ ပြောပြမယ်။” ကောင်လေးလဲ ပျော်ပြီးပြန်သွားတယ်။နောက်နေ့ ကျတော့ ကောင်မလေး မရှိဘူး။ ဒါနဲ့ နောက်ကျတာနေမှာဆိုပြီး စောင့်နေလိုက်တယ်။ ခဏနေတော့ ကောင်မလေးကို ဗာဒံပင်ပေါ်ကဆင်းလာတာတွေ့ ရတယ်။ ကောင်လေးက မကြီးမငယ်နဲ့ အပင်ပေါ်တက်ဆော့တယ်ဆိုပြီး နောက်တာပေါ့။ ကောင်မလေးကတော့ ဘာမှပြန်မပြောဘဲ ထိုင်ခုံမှာဝင်ထိုင်တယ်။ ပြီးတော့ ကောင်လေးကို.. “နင်သေချာနားထောင်”“ငါလဲနင့်ကို ချစ်ပါတယ်။” ကောင်လေးအရမ်းပျော်သွားတာပေါ့။ ဒါပေမဲ့ ကောင်မလေးက ဆက်ပြောတယ်။ “ဒါပေမယ့် နင်နဲ့ငါက လုံးဝ မဖြစ်နိုင်ပါဘူး။ငါလည်းနင့်ဘေးမှာတသက်လုံးနေချင်ပါတယ်။ဒါပေမယ့်ငါ့ရဲ့တသက် ကပြီးသွားပါပြီ။ “ ကောင်လေးလဲ ဘာတွပြောနေမှန်း နားမလည်နိုင်တော့ဘူးဖြစ်နေတယ်။ ဒါနဲ့ဖြစ်ချင်ရာဖြစ်ဆိုပြီး ကောင်မလေးလက်ကို ကိုင်လိုက်မိတယ်။ အိုး..အေးစက်နေတာပဲ။ ကောင်မလေးကထပ်ပြောတယ်။ “နင်နဲ့ငါ ဘ၀ခြားသွားပါပြီ” ကောင်လေး အရမ်းကြောက်သွားတယ် ပြေးထွက်သွားတာ အိမ်ရောက်တဲ့ အထိအကြောက်မပြေဘူး။ သူ့အဖြစ်လဲသူ မယုံနိုင်ဘူး ဖြစ်နေတယ်။ တွေးမိတိုင်းလဲကြက်သီးထနေတုန်းပဲ။ ၁ ပတ်လောက်ကြာတော့ ကောင်လေး မနေနိုင်တော့ဘူး။ ကောင်မလေး ကိုအရမ်းသတိရလာတယ်။အရမ်းတွေ့ချင်လာတယ်။ ဒါနဲ့နောက်နေ့ ကောင်လေး ခပ်လန့်လန့်နဲ့ပဲ လမ်းထိပ်ထွက်လာတယ်။ကောင်မလေးက ထုံးစံအတိုင်းပဲ။ကောင်လေးကိုလည်း တွေ့ရော ထပြီး နင်ငါ့ဆီ လာတယ်ဟုတ်လား ဆိုပြီးဝမ်းသာအားရနဲ့ပြောတယ်။ ပြီးတော့မျက်ရည်တွေနဲ့။ ကောင်လေး လဲဖြစ်ချင်ရာဖြစ် ဆိုပြီးကောင်မလေးဘေးဝင်ထိုင်တယ်။ “ငါနင့်ကို အရမ်းချစ်တယ်ဟာ နင့်ကိုငါ ဘယ်လိုမှမေ့လို့မရဘူး” ဆိုပြီးအရင်ကပြောခဲ့ဘူးတဲ့ သူ့ခံစားချက်တွေကို တစ်လုံးမကျန်ပြန်ဆိုပြတယ်။ ကောင်မလေးက “ငါလည်းဒီလိုပါပဲဟာ”“နင့်ကိုငါအရမ်းချစ်တယ်သိလား ” “ပြီးတော့ နင်တော်တော် ကတိတည်တဲ့ကောင်ပဲ” တဲ့။ ကောင်လေးက ဘာကိုဆိုလိုမှန်းသိပြီး ကောင်မလေးကို ငါပြောပြီးသားပဲ ဘယ်တော့မှမပြောင်းလဲပါဘူးလို့ ဆိုပြီးမရဲတရဲလှမ်းဖက်တယ်။ ကောင်မလေးကလဲ အလိုက်တသိ ကောင်လေးရင်ခွင်ထဲဝင်လိုက်တယ်။ ၁၅ မိနစ်လောက်ကြာတော့ ကောင်မလေးက တည်တည်ငြိမ်ငြိမ်အသံနဲ့ “နင်ငါ့ကိုချစ်တယ်ဆိုရင် ငါ့အတွက်ဘုရားမှာ ကုသိုလ်လုပ်ပေးပါ။ ငါဒီဘဝက မြန်မြန်ကျွတ်ချင်တယ်။ “လို့ပြောတယ်။ ကောင်လေးက ခဏစဉ်းစားပြီး “ဒါတော့ sorry ဟာ ငါမလုပ်ပေးနိုင်ဘူး။ငါအဲလိုလုပ်လိုက်ရင် နင်နဲ့ငါထာဝရ ဝေးရမှာ ငါမခွဲနိုင်ဘူး။ ဖြစ်နိုင်ရင်ငါလဲနင်နဲ့အတူလာနေချင်တယ် တဲ့။” နောက်နေ့ကျတော့ ကောင်လေးသူ့သူငယ်ချင်းတွေနဲ့သွားတွေ့တယ်။ပြီးတော့နှုတ်ဆက်တယ်။ ညနေရောက် တော့သူ့အဖေအမေတွေနဲ့ စကားထိုင်ပြောတယ်။ပြီးတော့မကြားတကြား သူ့ကိုခွင့်လွှတ်ပါလို့ပြောလိုက်တယ်။ ညရောက်တော့ လမ်းထိပ်ထွက်လာတယ်။ ကောင်မလေးက ထိုင်နေကျနေရာမှာပဲ။ ကောင်လေးဆက်ထွက်လာတယ်။လမ်းမပေါ်ရောက်ခါနီးမှာရပ်လိုက်တယ်။ ကောင်မလေးလှမ်းကြည့်နေတယ်။ ကားတွေမီးပွိုင့်ကလွှတ်လိုက်လို့ ဒလဟောထွက်လာကြတယ်။ ကောင်လေး က ကားလမ်းပေါ်ပြေးတက်သွားတယ်။ကောင်မလေး ကတော့ စူးစူးဝါးဝါးတစ်ခု ထအော်တယ်။ ဒါပေမယ့် ………… ကောင်မလေးငိုနေတယ်။ ထိုင်ခုံမှာထိုင်နေတုန်းပဲ။ လမ်းမပေါ်မှာတော့ လူတွေ ကားတွေ အော်သံတွေ လူနာတင်ယာဉ်အချက်ပေးသံတွေဆူညံနေတာပဲ။ ကောင်လေးရယ်.....ငါနင့်ကို စ လိုက်တာပါဟာ.. နင်ဘာလို့အဲ့လိုလုတ်ရတာလဲဟာ.......မျက်ရည်စတွေနဲ့ကောင်မလေးငိုနေတယ် ကောင်လေး အခုကောင်မလေးနေရာမှာဝင်ထိုင်လိုက်တယ်။ ဒီလိုနဲ့ ၁ ပတ် ၂ ပတ် ၁ လ ၂ လ ၁ နှစ် ၂ နှစ် နှစ်ပေါင်းများစွာ ကောင်လေး ကောင်မလေးထိုင်နေကျနေရမှာထိုင်နေတုန်းပဲ။ ကောင်မလေးပြန်လာမယ်ဆိုတဲ့ ဒီနေရာလေးမှာပဲပေါ့ -- နေ့ စဉ်နေ့ တိုင်း---ထိုင်နေတုန်းပါပဲ--

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -