Posted by : လက်တွဲဖော်
Friday, February 22, 2013
ကောင်လေး ။ ။ ငါသူနဲ့လမ်းခွဲလိုက်ပြီ
ပိုးဟပ်ဖြူ ။ ။ ဟ ဘာလို့လဲ ?
ကောင်လေး ။ ။ ပြောရရင် အများကြီးပါပဲကွာ
ပိုးဟပ်ဖြူ ။ ။ ပြောမှာသာပြောစမ်းပါ ။ ကောင်မလေးက မင်းအပေါ် ဘာအပြစ်တွေ လုပ်မိလို့လဲ?
ကောင်လေး ။ ။ အင်း ပထမဆုံးအနေနဲ့ သူက အလှအပအရမ်းမက်တယ်ကွာ ။ အလှအပအတွက်ဆိုရင် ၀ယ်သလားမမေးနဲ့ ။
ပိုးဟပ်ဖြူ ။ ။ မင်းရဲ့စိတ်ဝင်စားမှုရအောင် အမြဲကြိုးစားနေတဲ့ မိန်းကလေးတစ်ယောက်ကို အဲ့ဒါနဲ့ပဲ လမ်းခွဲခဲ့တယ်ပေါ့ ။ ဟုတ်လား ? ။ မင်းမျက်လုံးထဲမှာ အလှဆုံးမိန်းကလေး ဖြစ်ဖို့ကြိုးစားနေတာ သူမှားသလားကွာ ။
ကောင်လေး ။ ။ အင်း... ရှိသေးတယ် ။ သူက ဖုန်းတွေ ခဏခဏ ခေါ် .. MESSAGE တွေ ခဏခဏ ပို့ပြီးတော့ ငါဘာလုပ်နေလဲ...ဘယ်သူနဲ့လဲ...ထမင်းစားပြီးပြီလား...နေကောင်းရဲ့လား ... ဘီယာတွေ ဆေးလိပ်တွေ သိပ်မသောက်နဲ့...ဂရုစိုက်နော် တဲ့ ။ ငါကလေးမှ မဟုတ်တာကွာ ... ကြာတော့ငါ နားညည်းလာပြီဟ ။
ပိုးဟပ်ဖြူ ။ ။ ဟာ ... အဲ့ဒါမင်းအပေါ် ဂရုတစိုက်ရှိတာဟ ။ မင်းအပေါ် ဂရုတစိုက်ရှိလို့သာ အဲ့ဒီလို တဖွဖွ မှာနေတာပေါ့ ။ မင်းကိုတကယ်မချစ်ရင် မင်းလုပ်ချင်တာလုပ် ဖြစ်ချင်ရာဖြစ်ဆိုပြီး လွှတ်ထားမှာပေါ့ဟ ။ ဒါနဲ့များ လမ်းခွဲလိုက်ရတယ်လို့ကွာ ။
ကောင်လေး ။ ။ တခြားအကြောင်းတွေရှိသေးတယ် ငါ့ကောင်ရ ။ သူက စကားအထအန တော်တော်ကောက်တတ်သေးတယ် ။ တခါတခါ သူ့ကိုပြောတဲ့စကားတွေက ငါ့စိတ်ထဲဘာမှရှိတာမဟုတ်ဘူး ... အဲ့ဒါကို သူက အကြီးအကျယ်လိုက်ခံစားပြီး စိတ်ခဏခဏ ကောက်တတ်သေးတယ် ။ မျက်ရည်လည်း ကျလွယ်သလားမမေးနဲ့ ။ ခဏခဏချော့နေရတော့ ငါစိတ်ကုန်လာပြီကွာ ။ ရူးချင်တာပဲ။
ပိုးဟပ်ဖြူ ။ ။ အဲ့ဒါမင်းရဲ့ ပြောသမျှ လုပ်သမျှတွေကို အလေးထားလို့ပေါ့ ။ မင်းဘက်က ကြင်နာမှု ဂရုစိုက်မှုကို သူပြန်လိုချင်လို့ မင်းအပေါ် ကလေးတစ်ယောက်လို ဆိုးနွဲ့တာပါကွာ ။
ကောင်လေး ။ ။ ဒါဆို သူ အရမ်းသ၀န်တိုတာကြတော့ရော ။ ငါ့မှာ မိန်းကလေး သူငယ်ချင်းတွေနဲ့တောင် စကားမပြောရဲတော့ဘူး ။ ငါ့ကို သူပိုင်တဲ့အရုပ်လေးကျနေတာပဲ ။ ငါ့ကိုမယုံရင်လည်း ဘာဖြစ်လို့ ချစ်နေသေးလဲကွာ ။ စိတ်လေတယ် ။
ပိုးဟပ်ဖြူ ။ ။ အဲ့ဒါမင်းကို ဆုံးရှုံးရမှာ ကြောက်လို့ဟ ။ မင်းသူ့အပေါ် သစ္စာရှိတယ်ဆိုတာ သူယုံချင်ပါတယ် ။ ဒါပေမယ့် မင်းတစ်စုံတစ်ယောက်နောက်ပါသွားပြီး သူ့ကိုထားခဲ့မယ်ဆိုတဲ့ ကိစ္စက ... သူ့အတွက် တွေးလိုက်ယုံနဲ့တင် ခြောက်ခြားစရာကောင်းနေပြီလေ ။ ဒါကြောင့်ပါကွာ ။
ကောင်လေး ။ ။ ကျန်သေးတယ် ။ သူက ...
ပိုးဟပ်ဖြူ ။ ။ တော်ပါတော့ကွာ ... မင်းမှာလည်း ပြီးကို မပြီးနိုင်ဘူး ။ မင်းအခုပြောနေတဲ့ သူ့အပြစ်အကုန်လုံးက သူမင်းအပေါ် ချစ်လို့ပဲ ။ အခုတော့ သူ မင်းကြောင့် အသဲကွဲနေလောက်ပြီ ။ မင်းကို အရမ်းချစ်တဲ့ မိန်းကလေးတစ်ယောက် မင်းကြောင့်အသဲကွဲတာကို မင်းဂုဏ်ယူနေလား သူငယ်ချင်း?
ကောင်လေး ။ ။ ငါ သူ့အသဲကိုခွဲဖို့ ရည်ရွယ်ချက်မရှိပါဘူးကွာ ။ အစတုန်းက ငါသူ့ကို တော်တော်ချစ်ခဲ့ပါတယ် ။ ဘာဖြစ်လို့ အခုလို ငါလုပ်မိခဲ့တာလဲ ငါ့ကိုငါလည်း မသိတော့ဘူး သူငယ်ချင်းရာ ။
ပိုးဟပ်ဖြူ ။ ။ မင်းမရှိတော့ရင် သူ နာကျင်မှာ သိသိရက်နဲ့ ထားခဲ့နိုင်တာ မင်းသူ့အပေါ် အစကတည်းက တကယ်မချစ်လို့ပေါ့ ။ အခုအချိန်ဆို သူ မင်းကြောင့် ငိုနေလောက်ပြီ ။ ပြီးတော့ အခုအချိန် သူအမျှော်လင့်ဆုံးကလည်း မင်းသူ့အနားကို ပြန်လာဖို့ပဲ ဖြစ်မှာပါကွာ။
မင်းဘာဆက်လုပ်မှာလဲ သူငယ်ချင်း .....
.ပိုးဟပ်ဖြူ.
( Heart Canteen )

Post a Comment