ခိုင်မာလေးနက်တဲ့ အလုပ်ကိုစွဲစွဲမြဲမြဲ စိတ်ပါဝင်စားစွာ လုပ်နေတဲ့ပုဂ္ဂိုလ်ဟာ ဘယ်သူ့အကြောင်းမှ တွေးဖို့အချိန်မရ တော့ပါဘူး။ အတွေးထဲမှာ ဘယ်သူ့အကြောင်းမှ တွေးဖို့အချိန်မရတော့ပါဘူး။ အတွေးထဲမှာ ဘယ်သူမှထင်ပေါ်မလာတဲ့အတွက်ကြောင့် ထင်ပေါ်လာရင်ဖြစ်မယ့် ၀မ်းနည်းခြင်း၊ ပူဆွေးခြင်းစတဲ့ မကောင်းတဲ့ စိတ်သဘာဝတွေ ဖြစ်ပေါ်မလာတော့ပါဘူး။ ဒါကြောင့် လူတစ်ယောက်ဝမ်းနည်းနေပြီ၊ ပူဆွေးနေပြီ၊ သောကတွေဖြစ်နေပြီ၊ လွမ်းဆွတ်နေပြီ၊ တမ်းတနေပြီဆိုရင် အားနာပါးနာနဲ့ အားမနာတမ်း မေးရမှာကတော့… “နင်အားနေလား” “နင်ဒီလောက်ဝမ်းနည်းနေတာ၊ သိပ်အားနေလား” လို့ဒီလိုပဲမေးရပါမယ်။ ဘာလို့လဲဆိုတော့ ၀မ်းနည်းတယ်၊ ပူဆွေးတယ်ဆိုတာ အားမှပဲ လုပ်လို့ရတဲ့အလုပ်ဖြစ်နေလို့ပါ။ ကိုယ့်အလုပ်ကို စိတ်ပါဝင်စားနေမယ်၊ ကိုယ့်အလုပ်ကို စိတ်လိုလက်ရလုပ်နေမယ်ဆိုရင် အပိုအတွေးတွေတွေးဖို့ မအားတဲ့အတွက် ၀မ်းနည်းစရာ အတွေးတွေ ၀င်ခွင့်မရတော့ပါဘူး။ ၀မ်းနည်းစရာမှမတွေးမိရင် ၀မ်းနည်းတယ်ဆိုတာ ဖြစ်မလာနိုင်တော့ပါဘူး။ ၀မ်းနည်းတယ်ဆိုတာ ၀မ်းနည်းစရာတွေ ကို တွေးမိလို့ပါ။ ၀မ်းနည်းစရာတွေကို မတွေးမိရင်ဝမ်းမနည်းပါဘူး။ ၀မ်းနည်းရခြင်း၊ တမ်းတပူဆွေးရခြင်းဆိုတဲ့ခံစားမှုဟာ လက်သင့်ခံသိမ်းပိုက်ထားသင့်တဲ့ မြတ်နိုးစရာ စည်းစိမ် ချမ်းသာတစ်မျိုး မဟုတ်ပါဘူး။ ကိုယ်သိပ်ချစ်ရတဲ့သူတွေနဲ့ သေကွဲ၊ ရှင်ကွဲ၊ လမ်းခွဲရလို့ ၀မ်းနည်းတဲ့ခံစားမှုမျိုး မခံစားချင်ဘူးဆိုရင်တော့ နည်းလမ်း က ဘာမှမခက်ပါဘူး။ ဘယ်သူ့ကိုမှ မချစ်ဘဲနေရုံပါပဲ။ ဘယ်သူ့ကိုမှစွဲစွဲလမ်းလမ်း မချစ်မိခဲ့ဘူးဆိုရင် ဘယ်သူနဲ့ပဲ လမ်းခွဲရ လမ်းခွဲရ ၀မ်းနည်းမနေတော့ပါဘူး။ စွဲလမ်းလို့ အသည်းကျွမ်းရတာ မဟုတ်လား။ သိပ်ချစ်လို့ စိတ်ညစ်ရတာမဟုတ်လား။ မစွဲလမ်းရင် အသည်းမကျွမ်းရတော့ဘူးပေါ့။ သိပ်မချစ်ရင် စိတ်မညစ်ရတော့ဘူးပေါ့။ အသည်းမကျွမ်းချင်ရင် မစွဲလမ်း ပါနဲ့။ စိတ်မညစ်ချင်ရင် သိပ်မချစ်ပါနဲ့၊ မချစ်ရမနေနိုင်ရင်လည်း နည်းနည်းလောက်လျှော့ချစ်ပါ။ ချွေတာရေးအချစ်နဲ့ ခြိုးခြိုးခြံခြံ၊ ခြစ်ခြစ်ခြုတ်ခြုတ်ချစ်ပါ။ “လျှော့ချစ်” ပြီး “ပေါ့ပစ်” လိုက်ရင် “ကော့ကစ်” နေအောင် မခံစားရတော့ဘူးပေါ့။ ပိုးဖလံကမီးကို ပူမှန်းမသိလို့ မီးထဲတိုးဝင်တာ……..။ လူက အချစ်ကိုပူမှန်းသိသိကြီးနဲ့ အချစ်မှာ ပျော်ဝင်နစ်မြုပ် ချင်တာ…။ ပိုးဖလံနဲ့လူ ဘယ်သူပိုမိုက်ပါသလဲ….။ ၀မ်းနည်းနေတယ်ဆိုတာ ဒေါသထွက်နေတာပါ၊ ပူဆွေးနေတယ်ဆိုတာ ဒေါသထွက်နေတာပါ။ ဒေါသဓါတ်ကင်းစင်နေတဲ့နှလုံးသားဟာ ကျောက်သားနဲ့ထုဆစ်ထားတဲ့ နှလုံးသားမျိုးပါ။ ဘယ်လိုဝမ်းနည်းစရာမျိုးကြောင့်မှ ၀မ်းမနည်းတတ်တော့ပါဘူး။ အရမ်းအသည်းမာ တော့လည်း လမ်းခွဲမှာ ၀မ်းနည်းစရာ မလိုတော့ဘူးပေါ့။ ဆရာတော်အရှင်ဆန္ဒာဓိက ရဲ့ လမ်းခွဲတာဝမ်းနည်းစရာလားစာအုပ်မှ...
Post a Comment