အချစ်ဟာ လူငယ်ဘဝရဲ့သူရဲကောင်းဝါဒ ၊ မီးလျှံကြားထဲက နီနီရဲရဲနှင်းဆီ ၊ နတ်သမီးထောင်ချောက် ၊ ကျည်တောင့်တွေစိုက်ဝင်နေတဲ့ ပစ္စုပ္ပန်ကျည်ကာအကျီ င်္ ၊ ဟာသဆန်ဆန်ယုံကြည်မှုအနည်းငယ် ၊ နှစ်ဦးနှစ်ဖက်တည်ဆောက်ထားတဲ့နားလည်မှုတိမ်တိုက် ၊ နောင်တစ်ချိန်မှာတစိမ့်စိမ့်ပြန်တွေးချင်စရာကောင်းလာမယ့် အိပ်ယာဝင်ပုံပြင် ၊ ကိုယ့်ဘေးနားရှိနေမယ့် ဆေးပေးမီးယူကိစ္စ ၊ နွမ်းနယ်လာပေမယ့် ဘယ်တော့မှပွင့်ဖတ်တွေကြွေကျမသွားတဲ့ နှင်းဆီပန်းကလေး ။ ကိုယ့်ခန္ဓာကိုယ်ထဲက ပင်မသွေးကြောလွှာကို ချစ်ဦးသူရဲ့နာမည်လေးပေးထားလိုက်တယ် ချစ်သူက သခင် ၊ ကိုယ်က အပါးတော်မြဲပါ ။ ကိုယ့်ဘဝကို စက္ကူငှက်ရုပ်လေးဖြစ်အောင်ချိုးခေါက်ပြီး ချစ်သူအတွက်လက်ဆောင်ပို့ပေးဖူးတယ် ။ ရင်ဘတ်မှာမတပ်ဘဲ ဖြုတ်ထားတဲ့စိတ်ကောက်ကြယ်သီးလေးတစ်လုံးရှိတယ် ၊ ကိုယ်ပါ ။ ချစ်သူအတွက်ဆို သေမင်းတံခါးပေါက်ကိုတောင် တဒေါက်ဒေါက်ခေါက်ရဲတဲ့ မိုက်ရူးရဲစိတ်နဲ့ ဆယ်ကျော်သက်ကောင်လေး ၊ ကျိန်စာသင့်မင်းသမီးကို အနမ်းနဲ့ကယ်တင်ခဲ့တဲ့ သူရဲကောင်းမင်းသားလေးပုံပြင်ကို နှလုံးသားမှာ မြတ်မြတ်နိုးနိုး Tattoo ထိုးထားတယ် ။ ကိုယ့်ချစ်သူလို ကိုယ်လည်း ရိုမီယိုကိုချစ်တယ် ဂျူးလိယက်ကိုချစ်တယ် Valentine’s Day နဲ့ ချစ်သူနဲ့ အချစ်မေတ္တာတရားကို ကိုယ်သိပ်ချစ်တာပဲ ။ ဒါပေမယ့် အချစ်ဟာ ဘယ်တုန်းကမှ ကိုယ့်အနားမှာ ငြိမ်ငြိမ်လေးမနေပါဘူး ၊ ကိုယ့်ချစ်သူဟာ ကိုယ့်ကို (၁၉)နှစ်သားအရွယ်မှာ အသည်းကွဲသီချင်းတွေဆိုတတ်အောင် သင်ပေးသွားခဲ့တယ် ၊ ကိုယ်ဟာ ကြမ်းပေါက်ထဲကျပျောက်သွားတဲ့ အမှတ်တရငွေလက်စွပ်ကလေး ဖြစ်ခဲ့ပေါ့ ။ အဲဒီနောက်ပိုင်း ကိုယ် အသက် (၂၀) အရွယ်ကို ခုန်ကျော်လာသလို အချစ်ကိုယုံကြည်တဲ့စိတ်ကိုလည်း ခုန်ကျော်လာခဲ့တယ် ။ အချစ်ဆိုတာ ဟာသပဲ ၊ ပျင်းရိစရာကောင်းတဲ့ခပ်ညံ့ညံ့ရုပ်ရှင်ပဲ ၊ တောင်တောင်မြောက်မြောက် လျှောက်ပြေးနေတဲ့လေရူးပဲ ၊ သစ်ရွက်ခြောက်တွေကို ခြွေချနေတဲ့ နွေဦးပဲ ၊ ရုပ်ပျက်ဆင်းပျက် ခြေတစ်ပေါင်ကျိုးပြေးရတဲ့ကစားနည်းပဲ ၊ အချစ်အကြောင်းတွေးမိရင် ကိုယ်ရယ်ချင်တယ် ၊ စိတ်ဆိုးတယ် ၊ တတိယကမ္ဘာစစ်ဟာ အချစ်ကြောင့်ဖြစ်လာမှာပဲလို့ယုံကြည်ထားတယ် အချစ်နဲ့စစ်ဟာ ဘယ်တော့မှ မတရားဘူး ။ အချစ်ဆိုတာ ဘဝရဲ့တခြားကိစ္စတွေကို လက်ဝါးကြီးအုပ်ထားတဲ့လူမှုရေးဖောက်ပြန်မှုသက်သက် ၊ အချစ်ဆိုတာ ရုပ်ရှင်ရုံထဲက ဈေးအကြီးဆုံးထိုင်ခုံအတွက် အလဟဿကုန်သွားတဲ့ ပိုက်ဆံ ၊ အချစ်ဆိုတာ အင်းလျားကန်ဘောင်ပေါ်မှာ ထီးတစ်ချောင်းကွယ်ထားရုံနဲ့ အလကားကုန်သွားတဲ့အချိန် ၊ အဲဒီလို… အချစ်ကိုလှောင်ပြောင်သရော်ချင်စိတ်နဲ့၊ အချစ်ကို မထီတရီဆော့ကစားချင်စိတ်နဲ့ ကိုယ့်မှာ “ချစ်သူ” တံဆိပ်ကပ်ထားတဲ့ သံပတ်ပေးအရုပ်မလေးတွေအများကြီးရှိခဲ့တယ်။ အခုလက်ရှိအချိန် ကိုယ့်မှာကျည်ကာအကျီ င်္တစ်ထည်ရှိတယ် ၊ ကိုယ့်ဆီကျည်တောင့်တွေ တဟုန်ထိုးပြေးဝင်လာတာလည်းရှိတယ် ၊ မကြောက်တော့ဘူး ၊ ကိုယ့်စိတ်တွေပြောင်းလဲလာတယ် ၊ အချစ်ဟာ သနားစရာပါ ၊ အချစ်ဟာလှောင်ပြောင်ရယ်မောစရာမဟုတ်ဘူး ။ ကိုယ့်မှာအချစ်ရှိလာတယ် ၊ ချစ်သူရှိလာတယ် ၊ နားလည်မှုဆိုတဲ့စကားကို တွင်တွင်ကျယ်ကျယ်ပြောတတ်လာတယ် ၊ အခုတလောမြင်သမျှအရာတွေအကုန်လုံးကို ကိုယ်သိပ်ချစ်တာပဲ ၊ ကိုယ်… သက်မွန်မြင့်ကိုချစ်တယ် ၊ နန်းသူဇာကိုချစ်တယ် ၊ ဆယ်လီနာဂိုးမက်ဇ်ကိုချစ်တယ် ၊ တေလာဆွစ်ဖ်ကိုချစ်တယ် ၊ ဝါဆိုမိုးဦးကိုချစ်တယ် ၊ ကိုယ့်ချစ်သူကိုလည်းချစ်တယ် ၊ တကယ်ပါ… ကိုယ် မင်းကို သိပ်ချစ်တာပေါ့ ။ သူငယ်ချင်းတွေကိုချစ်တယ် ၊ လက်ဖက်ရည်ဆိုင်ထိုင်ရတာကိုချစ်တယ် ၊ မြန်မာဘီယာကိုချစ်တယ် ၊ လန်ဒန်စီးကရက်ကိုချစ်တယ် ၊ Facebook ကိုချစ်တယ် ၊ မန်ချက်စတာယူနိုက်တက်ကိုချစ်တယ် ၊ ကိုယ့်ကိုယ်ကိုလည်း ချစ်တယ် ၊ အဲဒါတွေပြီးရင် မင်းကို ကိုယ် အချစ်ဆုံးပဲ ။ နားလည်ပါ ၊ နားလည်ပါ ၊ ကိုယ့်ကိုသေသေချာချာနားလည်ပါ ၊ အဲဒါဟာ မင်းနဲ့ကိုယ့်ကြားထဲက ချစ်သူအဖြစ်တည်ရှိမှုပဲ ၊ အခုအချိန်မှာ ကိုယ်ဟာ အချစ်ကို ဒီလိုပဲနားလည်ထားချင်တယ် ။ အဲဒီလိုပါပဲ … ၊ ငယ်ဘဝကနေ ဒီနေ့အထိ အချစ်ဟာ ကိုယ်နဲ့အတူရှိခဲ့တယ် ၊ နောင်လည်းရှိလိမ့်မယ် ၊ ကိုယ်အသက်အရွယ်ကြီးရင့်လာတဲ့အခါ အချစ်ကလည်း ကိုယ်နဲ့အတူလိုက်ပြီး ကြီးမားရင့်ကျက်လာလိမ့်မယ် ။ အဲဒီအချိန်ကျရင် ကိုယ်ဟာ ငယ်ငယ်ကမေ့နေခဲ့တဲ့ မိဘနှစ်ပါးကို ချစ်ဖို့သတိရလာလိမ့်မယ် ၊ ကိုယ့်သားသမီးတွေကိုချစ်မယ် ၊ ကိုယ့်တိုင်းပြည်ကိုချစ်မယ် ၊ ကိုယ့်ဘေးနားက ဆေးပေးမီးယူအဘွားကြီးကိုလည်းချစ်မယ် ၊ အချစ်ဟာ လူငယ်ဘဝရဲ့ သူရဲကောင်းဝါဒ ၊ ပစ္စုပ္ပန်ကျည်ကာအကျီ င်္တစ်ထည် ၊ နောင်တစ်ချိန် တောင်စွယ်နေကွယ်ပုံပြင် ၊ ဘယ်တော့မှကြွေကျမသွားမယ့် နှင်းဆီပွင့်ဖတ်ကလေးတွေ ။ အချစ်အကြောင်း ကိုယ်သေသေချာချာသိခဲ့သလို ကိုယ့်အကြောင်းလည်းအချစ်ကသိလိမ့်မယ် ။ အချစ်ဟာ ကိုယ့်ကိုချစ်လိမ့်မယ် ၊ အချစ်ဟာ ကိုယ်နဲ့အတူ အသက်ထက်ဆုံးနေလိမ့်မယ် ။ ကိုယ်သေဆုံးတဲ့အချိန်အထိ အချစ်ဟာ ကိုယ့်ဘဝပေါ်အလျားလိုက်ဖြတ်သန်းစီးဆင်းလို့ ကိုယ့်သွေးကြောတွေထဲမှာ လှည့်ပတ်သွားလာနေလိမ့်မယ် ။ ဘာကိုပဲဖြစ်ဖြစ်ချစ်တတ်တဲ့စိတ်ဟာ ကိုယ့်ရဲ့သစ္စာအရှိဆုံးချစ်သူပါပဲ ။
Post a Comment