Posted by : လက်တွဲဖော် Thursday, November 22, 2012


ပြန်ခေါ်ချင်လားဆိုတော့
မလာချင်သူကို ထပ်မခေါ်ချင်တော့ဘူး..

ပြန်လိုချင်လားဆိုတော့
မရနိုင်တဲ့အတိတ်ကို ပြန်မလိုချင်တော့ဘူး..

ပြန်မျှော်လင့်သလားဆိုတော့
အဆုံးမသတ်နိုင်တဲ့အမှားမှားအယွင်းယွင်းမျှော်လင့်ခြင်းတွေ ထပ်မထားချင်တော့ဘူး..

စောင့်ဆိုင်းနေတုန်းလားဆိုတော့
ခေါင်းမာစွာနဲ့အကျင့်ပါနေတဲ့သနားစရာနှလုံးသားကို ၀န်ခံချက် ထပ်မပေးချင်တော့ဘူး.....

ဒါပေမယ့်လဲ..
ပြန်မတမ်းတမိဘူးလားဆိုရင် ဟင့်အင်းလို့ ခေါင်းမခါနိုင်ဘူး..
ပြန်မလွမ်းဘူးလားဆိုရင် မျက်ရည်မ၀ဲမိပဲ မနေခဲ့နိုင်ဘူး..
အမှတ်မရှိဘူးလားဆိုရင် ခေါင်းငုံ့ထားမိခဲ့ရုံကလွဲ အခြားမရှိဘူး..
မနာကျင်တတ်ဘူးလားဆိုရင်လဲ နာကျင်ရပါများလွန်းလို့ ထုံကျဉ်လွန်းနေတဲ့နှလုံးသားက အချစ်အသစ်ဆိုတဲ့အရာကိုတောင် ထပ်မံပြီးမယုံကြည်နိုင်တော့ပြန်ဘူး… ။

တကယ်တော့ အချစ်တစ်ခုရဲ့အဆုံးသတ်မှာ ဖျောက်ဖျက်လို့မရနိုင်အောင်ကျန်ရစ်ခဲ့တာဟာ နာကျင်စရာ အလွမ်းတွေသက်သက်ပါပဲ..
အချိန်ဆိုတဲ့အရာက လူတွေကို ကုစားတယ်..
အချိန်ဆိုတဲ့အရာက ဒဏ်ရာတွေကို ကုစားတယ်..
အချိန်ဆိုတဲ့အရာက မျှော်လင့်ခြင်းတွေကို ကုစားတယ်..
အဲဒီအချိန်ဆိုတဲ့အရာကပဲ မှန်ကန်တဲ့အသိတွေကိုပေးရင်း နာကျင်ခြင်းတွေကို တဖြည်းဖြည်းသက်သာလာအောင် ကုစားပေးနိုင်ခဲ့တယ်..
ဒါပေမယ့် အဲဒီလိုအစွမ်းထက်လွန်းတဲ့အချိန်ဟာ
ကြာလေလေပိုရင့်သန်လေလေဖြစ်လာတဲ့ အလွမ်းဆိုတဲ့အရာတွေကိုတော့
ပျောက်ကင်းအောင် ကုစားမပေးနိုင်ခဲ့ပြန်ဘူး...

ဒါကြောင့်လဲ
ရင်မောမိတယ်..
ဒီအလွမ်းတွေဘယ်တော့အဆုံးသတ်ပါ့မလဲဆိုတာကိုတွေးရင်း
ရင်မောမိတယ်..
သတိရမိချိန်တိုင်း ကိုယ်ဘယ်တော့မှမပိုင်ဆိုင်နိုင်တဲ့သူဆိုတာကိုတွေးရင်း
ရင်မောမိတယ်..
တမ်းတမိချိန်တိုင်း မဖြစ်နိုင်တဲ့မျှော်လင့်ခြင်းတွေဆိုတာကိုသိနေရင်း
ရင်မောမိတယ်..
အိပ်မက်ထဲသူဝင်လာတိုင်း မှားယွင်းတဲ့စွဲလမ်းခြင်းတွေလို့သတိရရင်း
နာကျင်စွာနဲ့ ရင်မောမိခဲ့ရပြန်တယ်.... ။

တကယ်တော့..
အလွမ်းဆိုတာဟာ ကမ္ဘာပေါ်မှာ အမြစ်မပြတ်နိုင်ဆုံး ရောဂါတစ်မျိုးပါပဲ..
ဘယ်လောက်ပဲအချိန်ယူယူ၊ ဘယ်လိုပဲကြိုးစားကုသ၊ ကုသ သက်သာလာပြီဆိုတဲ့အချိန်တိုင်း အကြောင်းတစ်မျိုးမဟုတ်တစ်မျိုးနဲ့တော့ အဲဒီရောဂါဟာ အမြဲပြန်ပြန် ဖြစ်နေတတ်တုန်းလေ…













-- ဆုဝေဖြိုး --
Nov 22, 2012
(photo credit to - ArtPics Photography)

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -