Posted by : လက်တွဲဖော်
Tuesday, October 16, 2012

တစ်ခါက
အရမ်းခင်ကြတဲ့ ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်ရှိတယ် ... သူတို့နှစ်ယောက်က
တစ်ယောက်ကိုတစ်ယောက် တိတ်တခိုးချစ်နေကြတာပါ ... ကောင်လေးချစ်နေတာကို
ကောင်မလေးက သိပေမယ့် ကောင်မလေးချစ်နေတာကိုတော့ ကောင်လေးက မရိပ်မိဘူး ...
ကောင်မလေးက ကောင်လေးသ၀န်တိုစိတ်တွေဖြစ်ပြီး ဖွင့်ပြောလာမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ရည်းစားတွေတစ်ယောက်ပြီးတစ်ယောက်ထားပြတယ် ... ကောင်လေးကတော့ ကောင်မလေး ရည်းစားများလာတာကိုကြည့်ပြီး သူ့အချစ်လည်း ပေါ့ပျက်ပျက် အပျော်စာရင်းထဲဝင်သွားမှာစိုးလို့ ဖွင့်မပြောရဲဘူးဖြစ်နေတယ် ...
ဒီလိုနဲ့ တစ်နေ့မှာ ကောင်မလေးနဲ့ ကောင်လေးတွေ့တဲ့အချိန် ...
ကောင်မလေး : “ငါ့ချစ်သူက ငါ့ကိုလက်ထပ်ခွင့်တောင်းထားတယ် ... အဲ့ဒါ ငါလက်ခံသင့်လား??”
မထင်မှတ်ထားတဲ့ စကားတစ်ခွန်းကို ကြားလိုက်ရချိန်မှာ ကောင်လေးရင်ထဲ ဆစ်ခနဲ
နာကျင်သွားတယ် ... ဒါပေမယ့် သူ့ခံစားချက်ကို မျက်နှာမှာမပေါ်အောင်
ထိန်းရင်းပြောလိုက်တယ် ...
ကောင်လေး : “အမှန်အတိုင်းပြောရရင် ငါနင့်ကို လက်မထပ်စေချင်ဘူး”
ကောင်မလေး : “ဘာဖြစ်လို့လဲ??”
ကောင်လေး : “ဟို .. နင်က ငယ်သေးတယ်လေ”
ကောင်မလေး : “ပြီးတော့ရော .... ??”
ကောင်လေး : “ဒါပဲလေ .. နင်ကငယ်သေးတယ် အဲ့ဒါကြောင့် လက်မထပ်စေချင်တာ .. ငါ့ကိုဘာမှထပ်မမေးနဲ့တော့ ငါဘာမှမပြောချင်တော့ဘူး”
ကောင်မလေး : “ကောင်းပြီလေ ~ ဒီအကြောင်းပြချက်တစ်ခုတည်းဆိုရင်တော့ ငါ့အတွက်အရေးမကြီးပါဘူး ... ငါသူ့ကိုအဖြေပြန်ပေးလိုက်တော့မယ်”
ပြောပြီးတော့ ကောင်မလေးက ချက်ချင်းလှည့်ထွက်လာခဲ့တယ် ...
အဲ့ဒီနောက်ပိုင်းမှာ ကောင်မလေးဟာ ကောင်လေးကို အတွေ့လည်းမခံတော့ဘူး ..
ဖုန်းဆက်ရင်လည်း မကိုင်တော့ဘူး ... ကောင်လေးကို လုံးဝအဆက်အသွယ်ဖြတ်ထားခဲ့တယ် ...
ဒီလိုနဲ့ နှစ်ပတ်လောက်ကြာသွားပြီးတဲ့နောက် ညနေခင်းတစ်ခုမှာ ကောင်လေးဆီကို ဖိတ်စာတစ်စောင်ရောက်လာခဲ့တယ်
... ကောင်မလေးရဲ့ လက်ထပ်ဖိတ်စာလေးပေါ့ ... ကောင်လေးဟာ
မယုံနိုင်လောက်အောင်ကို အံ့အားသင့်သွားပြီး နာကျင်ဝမ်းနည်းစွာနဲ့ ဖိတ်စာကို
ဖွင့်ကြည့်လိုက်တဲ့အချိန်မှာ စာလေးတစ်စောင်ထွက်ကျလာခဲ့တယ် ... စာထဲမှာရေးထားတာက ...
“ငါလက်ထပ်တော့မယ် ... ငါသူ့ကိုတကယ်ချစ်လားဆိုတာ သေချာမသိပေမယ့် သူကတော့
ငါ့ကိုတကယ်ချစ်တာ သေချာပါတယ် ... သူက ငါ့ကိုအနိုင်လည်းမယူဘူး
ငါ့ကိုလည်းအရမ်းဂရုစိုက်တယ်
.. ပြီးတော့ ငါ့ကို "ချစ်တယ်" လို့လည်း ခဏခဏပြောတယ် ... သူနဲ့ယူရင်
ငါစိတ်ချမ်းသာရမှာပါနော် ဟုတ်တယ်မလား?? ပြီးတော့ပြောရဦးမယ် ..
ငါလက်ထပ်ပြီးရင် နင်ငါ့ကို အရင်လို တွေ့ခွင့်ရတော့မှာမဟုတ်ဘူး ...
အရင်လိုလည်း ညဥ့်နက်သန်းခေါင် နင်နဲ့ဖုန်းပြောပေးနိုင်မှာ မဟုတ်တော့ဘူး ... နင်နေမကောင်းရင်လည်း ငါလာပြုစုနိုင်မှာမဟုတ်တော့ဘူး ... နင်ဗိုက်ဆာလို့ မုန့်ဝယ်ကျွေးခိုင်းရင်လည်း
ငါအရင်လိုလိုက်ကျွေးဖို့ အားမယ်မထင်ဘူး … နင်ဂစ်တာတီးပြီး
သီချင်းဆိုပြချင်ရင်လည်း ငါနားထောင်ဖို့ အချိန်ပေးနိုင်တော့မှာ မဟုတ်ဘူး …
နင်ရုပ်ရှင်လည်းတစ်ယောက်တည်းကြည့်တတ်အောင်ကြိုးစားရဦးမယ် ... နင်နဲ့ဂိမ်းအတူဆော့ဖို့ အဖော်အသစ်လည်း ရှာထားဦးနော် ... ငါကတော့ နှစ်ပတ်လောက်ကျင့်သားရအောင်လုပ်ထားလို့ နင်မရှိတဲ့ဘ၀မှာ နည်းနည်းနေသားကျနေပါပြီ .. နင်လည်းအဲ့လိုဖြစ်မယ်လို့ ငါမျှော်လင့်ပါတယ် ...”
စာကိုဖတ်ပြီးပြီးချင်းပဲ ကောင်လေးဟာ ကောင်မလေးအိမ်ကိုပြေးသွားခဲ့တယ် ... အိမ်နားမရောက်ခင်မှာပဲ လမ်းလျှောက်ထွက်လာတဲ့ ကောင်မလေးကို တွေ့လိုက်ရတယ် ...
ကောင်မလေး : “နင်ဘာလာလုပ်တာလဲ??”
ကောင်လေး : “နင်လက်မထပ်ပါနဲ့ ... ငါတောင်းပန်ပါတယ် .. ငါနင့်ကိုအနိုင်ယူခဲ့တာတွေအတွက်လည်းတောင်းပန်တယ် .. ငါနင့်ကိုဖွင့်မပြောခဲ့တဲ့အတွက်လည်းတောင်းပန်တယ်
... ငါနင့်ကိုလက်မထပ်စေချင်တာ ငယ်သေးလို့မဟုတ်ဘူး ..
ငါနင့်ကိုမခွဲနိုင်လို့ .. ငါ့ဘ၀မှာ နင်မရှိလို့မဖြစ်ဘူး ...
နင်မရှိတော့ရင် ငါဝမ်းနည်းတဲ့အခါ ဘယ်သူ့ကိုရင်ဖွင့်ရမှာလဲ?? ငါအားငယ်တဲ့အခါ
ဘယ်သူက အားပေးစကားပြောမှာလဲ?? ညညအိပ်မပျော်တဲ့အခါ
ငါဘယ်သူ့ဆီဖုန်းဆက်ရမှာလဲ??
နှစ်ပတ်လောက်မတွေ့တာတောင် ငါရူးမတတ်ခံစားနေရတာ … နင်နေနိုင်ပေမယ့်
ငါမနေနိုင်ဘူး … မရက်စက်ပါနဲ့ဟာ .. ငါတောင်းပန်ပါတယ် .. နင်အဲ့လူကို
လက်မထပ်ပါနဲ့ ... ငါနင့်ကိုအရမ်းချစ်တယ်”
ကောင်လေးက ငိုယိုပြီး တရစပ်ပြောချလိုက်တယ် ...
ကောင်လေးလည်းပြောပြီးရော ကောင်မလေးက အပြုံးလေးနဲ့ ပြန်ပြောလိုက်တာကတော့ …
“အရူး!! ငါလက်ထပ်မယ်လို့ နင့်ကိုဘယ်သူပြောလဲ?? အဲ့ဖိတ်စာက အတုကြီး” တဲ့!!
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကိုယ်ချစ်တဲ့သူဆီက ချစ်စကားကြားရဖို့ လှည့်ကွက်ကလေးသုံးလိုက်တာကို မာယာလို့ မဆိုနိုင်ပါဘူးနော် ;)
♥ ချစ်တဲ့သူတိုင်း ပေါင်းရပါစေ ♥
Post a Comment